Wednesday, August 1, 2007

“ဖြစ်ချင်နေတာ”

ဖြစ်ချင်တိုင်းသာ ဖြစ်ခွင့်ရရင်…
အရှင်းရှင်တစ်ယောက်..ဖြစ်ကြည့်လိုက်ချင်တယ်…….
ခေါင်းပုံမဖြတ်ဘူးလို့ပါ……..

လောဘကိုရှေ့တန်းမတင်ဘို့တော့ပြောကြတာပဲ…
အလိုကြီးတာကိုတော့……….
မရပ်နိုင်ကြဘဲ………..

ပြောတုန်းကတော့…..
မွေးတစ်နေ့သေတစ်နေ့တဲ့…….
သေရမယ်ဆိုတော့…..
VCD လေးထုတ်သွားချင်သေးတယ်တဲ့………

လုပ်ကြပါဗျာ……..
ရှင်တို့က ရဲတွေပဲ…….
အေးချမ်းချင်မှတော့….
ရေခဲတိုက်ထဲသွားနေရတော့မှာပဲ……….

(မိုးမှောင်)

Monday, April 16, 2007


ဥာဏ်စမ်းပုစ္ဆာ
မင်းလူ
ရှေးလူကြီးတွေများ တော်တော်ပညာပြချင်တတ်သည်။ နှောင်းလူတွေကို ဆုံးမချင်တာ၊ မှာခဲ့ချင်တာ ရှိတဲ့အခါ တိုက်ရိုက်တည့်တည့် ပြောလိုက်လျှင် ရလျက်သားနှင့် ပဟေဠိ စကားထားတွေနှင့် ဦးနှောက်စားအောင်လုပ်တတ်သည်။ သိုက်စာအတိတ်၊ တဘောင်တွေဆိုလျှင် ဘယ်အရပ်ကနေ မြောက်စူးစူးကို ခရီးတာ ဘယ်လောက်သွား၊ ဘာပင်တွေ့လိမ့်မယ်၊ အဲဒီကနေ အရှေ့တောင်ကို ခြေလှမ်းငါးဆယ်လှမ်း၊ ကျောက်ဂူတွေ့မယ်။ ဒီလိုမဟုတ်ဘဲ အဓိပ္ပါယ်ဖော်ရခက်အောင် ကွယ်ဝှက်ပြီး ရေးထားတော့ ရှာဖို့ခက်သွားတာပေါ့။ စကတည်းက မပေးချင်လည်း ဘာကြောင့် သိုက်ညွှန်းစာရေးနေရသေးလဲ။ ရှေ့ဘာဖြစ်မယ်ဆိုတာ ဟောကိုန်းထုတ်ချင်လည်း တည့်တည့်ပြောပါလား။ ဘာဖြစ်လို့ တဘောင်တွေ စနည်းတွေ လုပ်နေရတာလဲ။ အဂ္ဂိရတ်မှာလည်း ဒီလိုပဲ။ ဓာတုဗေဒပညာလို ပုံသေနည်းတွေ ညီမျှခြင်းတွေနဲ့ တိတိကျကျ မပြောကြ။ လင်္ကာတွေ စာချိုးတွေနဲ့ မျက်စိလည်အောင် လုပ်တတ်သည်။ ဆေးညွှန်းပေးတာတောင် စကားထားဝှက်သလို လုပ်ချင်သည်။ သွားကိုက်ပျောက်ဆေးနည်းတစ်ခုမှာ “ငါးပိလက်လေးသစ်” တဲ့။ ဘယ့်နှယ် ငါးပိလက်လေးသစ်ဆိုတော့ သွားမှာသိပ်ဖို့ နေနေသာသာ ပါးစပ်ထဲတောင် ထည့်ဖို့မလွယ်။ အမှန်က ပါဝင်သော ဆေးအမယ်များမှာ ပထမစာလုံးများဖြင့် အတိုကောက် မှတ်ထားခြင်းဖြစ်၏။ င=ငရုတ်ကောင်း၊ ပိ=ပိတ်ချင်း၊ လက်=လက်ချား၊ လေး=လေးညှင်း၊ သစ်=သစ်ကြမ်းပိုးခေါက်တို့ ဖြစ်သည်။ ဒီနေရာမှာ အဓိပ္ပါယ်ကောက်လွဲသွားနိုင်သည်။ “င” ကို ငရုတ်သီး၊ “လက်” ကို လက်ထုပ်ကြီး၊ “သစ်” ကို သစ်စိမ့်သီးဆိုပြီး မှားထည့်မိလျှင် ဘယ်လိုလုပ်မလဲ။ ကိုယ်မရှိတော့တဲ့အချိန်မှာ သားသမီးတွေ လိမ္မာအောင်၊ ဒုက္ခမရောက်အောင် မှာကြားဆုံးမရာမှာတောင် ဇဝေဇ၀ါဖြစ်အောင် လုပ်ခဲ့သေးသည်။ ပုံပြင်တစ်ခုတောင် ရှိသေးတယ်လေ။ သူဌေးကြီးသေတော့ သူ့သားကိုမှာခဲ့တာက… ခေါင်းတစ်ရာသားစားပါ။ အိမ်နောက်ဖေး ဈေးဆိုင်တည်ပါ။ ခေါင်းသုံးလုံးနဲ့ ပညာရှိကို ဆည်းကပ်ပါ။ ဒီတော့… သားလုပ်တဲ့သူက ကြက်၊ ဘဲ၊ သိုး၊ ဆိတ်၊ ၀က်၊ အမဲ စသည်ဖြင့် အကောင်တစ်ရာဝယ်ပြီး ခေါင်းဖြတ်စားသည်။ ငွေတွေ သောက်သောက်လဲကုန်သည်။ အိမ်နောက်ဖေး ဈေးဆိုင်ဖွင့်ရောင်းသည်။ ဘယ်သူမှလာမ၀ယ်သဖြင့် အကြီးအကျယ်ရှုံးသည်။ နောက်ဆုံး ခေါင်းသုံးလုံးနှင့် ပညာရှိကို လိုက်ရှာသည်။ အသက်အရွယ် အိုမင်းလွန်းသဖြင့် ခါးကိုင်းနေပြီး ဆောင့်ကြောင့်ထိုင်နေသောအခါ ဦးခေါင်းက ဒူးနှစ်လုံးကြားထဲ ရောက်နေသော အဘိုးအိုတစ်ယောက်ကို တွေ့ရ၏။ ရုတ်တရက်ကြည့်လိုက်လျှင် သူ့အဖေမှာခဲ့သည့် အချက်များ၏ ဆိုလိုရင်းကို သိရလေသည်။ “ခေါင်းတစ်ရာသားစားပါ” ဆိုတာက ဈေးသက်သာသော ငါးသေးငါးဖွဲကလေးတွေ စားခိုင်းခြင်းနှင့် “အိမ်နောက်ဖေး ဈေးဆိုင်တည်” ဆိုတာက ဟင်းသီးဟင်းရွက် စိုက်ခိုင်းခြင်း ဖြစ်လေ၏။ စောစောစီးစီးက မသိသဖြင့် သားဖြစ်သူမှာ အချိန်ကုန်၊ ငွေကုန်၊ လူပန်း ဦးနှောက်ခြောက် ဖြစ်ခဲ့ရလေသည်။ တကယ်တော့… ခုလို ရှေးလူကြီးတွေကို ဝေဖန်မိတာကလည်း သူ့အဖေကြောင့်သာဖြစ်၏။ သူ့အဖေသည် သူ့ခေတ်သူ့အခါကတော့ ခေတ်အမြင်ရှိသူဖြစ်၏။ အသက်ကြီးလာတော့လည်း ရှေးလူကြီးဖြစ်သွားခဲ့သည်။ သူ့အဖေဆုံးခါနီးတွင် သူ့ကို စာအိတ်တစ်အိတ် ပေးသွားသည်။ အထဲမှာ စာတစ်စောင်ပါသည်။ စာထဲမှာ လမ်းညွှန်မှာကြားချက်တွေ ရေးထားသည်။ ရှေးလူကြီး မပီသမှာ စိုးလို့လားမသိ။ ပဟေဠိဆန်ဆန် ရေးထားသည်။ ပထမလမ်းညွှန်ချက်က .. “နို့အလုံးတစ်ရာကိုစို့ပါ” တကယ်ပဲ နို့အလုံးတစ်ရာကို စို့ခိုင်းခြင်း မဟုတ်တာတော့ သေချာသည်။ ကိုယ့်သားကို ပါးအချက်တစ်ရာ အရိုက်ခံရအောင်တော့ ဘယ်အဖေမှ ချောက်တွန်းမှာမဟုတ်။ ဒါဖြင့် ဘာအဓိပ္ပါယ်လဲ၊ ဘာကို ဆိုလိုတာလဲ။ သွားစို့လို့ ပါးရိုက်မခံရနိုင်တာက နွားမတွေပဲ ရှိသည်။ ဒါတောင် ချဉ်းကပ်နည်း မမှန်လျှင် အကန်ခံရနိုင်သည်။ နွားမပေါင်းများစွာက နို့များကို စုပေါင်းပြီး ချက်ထားသော နို့ဆီများကို ပြောတာလား။ မဖြစ်နိုင်။ ဟိုအရင်ထဲက လက်ဖက်ရည်ကို တစ်နေ့သုံးခွက်လောက် သောက်ခဲ့တာပဲ။ လက်ဖက်ရည်သောက်တိုင်း နို့ဆီပါနေခဲ့တာပဲ။ စဉ်းစားလို့မရသဖြင့် ခေါင်းရှင်းသွားအောင် ရုပ်မြင်သံကြား ထိုင်ကြည့်နေလိုက်သည်။ အရေးထဲ ကြော်ငြာတွေကလည်း များလိုက်တာ။ ဒီထဲကမှ ကြော်ငြာတစ်ခုကို သတိပြုမိ၏။ မိုးဒီနှင့် စိုးမြတ်နန္ဒာတို့ ပါဝင်သရုပ်ဆောင်ကြသော ကြော်ငြာ။ ဒီတော့မှ ဥာဏ်အလင်းရသွားသည်။ သူသည် ပဲနို့ရည်ကို ၀ယ်သောက်လေတော့သည်။ တစ်နေ့တစ်ပုလင်း မှန်မှန်သောက်သည်။ ပဲနို့ရည်ထဲမှာ ပရိုတင်းတွေ၊ လိုင်စင်းတွေ ပါနေသဖြင့် ကျန်းမာပြီး ၀ဖြိုးလာလေတော့သည်။ ဒုတိယအချက်ကတော့ .. “အိမ်နောက်ဖေးမှာ ဘဏ်တိုက်ဆောက်ပါ” သူ့အိမ်နောက်ဘက်က ကွက်လပ်ကလေးမှာ ဘဏ်တိုက်နေနေသာသာ အပေါင်ဆိုင်ဆောက်ဖို့လောက်တောင် ကျယ်ဝန်းတာမဟုတ်။ ပြီးတော့ သူ့ဝင်ငွေကလည်း ဘဏ်မှာအပ်ပြီး စုဆောင်းထားရလောက်အောင် ပိုလျှံနေတာမဟုတ်။ ၀င်ငွေနဲ့ စားသောက်စရိတ်နဲ့ မျှတရုံလောက်ပဲ။ စုဆောင်းစရာဆိုလို့… အဲ… ဟုတ်ပြီ။ စားလိုက်တဲ့အစာတွေက ပျောက်ပျက်သွားတာမဟုတ်။ အသွင်ပြောင်းပြီး ပြန်ထွက်လာတာလေ။ ဒါတွေကို စုဆောင်းထားဖို့အတွက် အိမ်နောက်ဖေးကွက်လပ်မှာ အိမ်သာတစ်လုံးဆောက်လိုက်တယ်။ တတိယအချက်မှာ… “ငရဲပြည်နှင့်ဆက်သွယ်ပါ” ငရဲပြည်ဆိုတာ လူကိုယ်တိုင်သွားဖို့ကလွဲပြီး ဆက်သွယ်ရနိုင်သည့် တခြားနည်းလမ်းမရှိ။ တယ်လီဖုန်း ဆက်လို့ရတာလည်းမဟုတ်။ ဖက်စ်တွေ၊ အီးမေးလ်တွေ ပို့လို့ရတာလည်းမဟုတ်။ တစ်နည်းပဲရှိသည်။ မြေကြီးကိုဖောက်ပြိး အ၀ီစိရောက်အောင် တူးဖို့။ ဒီလိုလျှောက်တွေးကြည့်မှ အဖြေပေါ်လာသည်။ အ၀ီစိတွင်းတစ်တွင်း တူးလိုက်သည်။ သူတို့ရပ်ကွက်က ရေရှားသည်။ ထို့ကြောင့် အ၀ီစိတွင်းရေကို ရောင်းစားသောအခါ တွက်ခြေကိုက်ကြောင်း တွေ့ရ၏။ ကဲ…နောက်တစ်ခု။ “ခြေထောက် အရောင်းအ၀ယ်ပြုလုပ်ပါ” ဒါဟာ ၀က်ခြေထောက်စွပ်ပြုတ် ရောင်းခိုင်းတာတော့ မဖြစ်နိုင်။ ချိုင်းထောက်လုပ်ရောင်းလို့လည်း စီးပွားဖြစ်မှာမဟုတ်။ ထိုစဉ်မှာ သူငယ်ချင်းတစ်ယောက် ကားလေးနှင့် ရောက်လာသည်။ လက်ဖက်ရည်ဆိုင် ထိုင်ကြရင်း သူက ပြောသည်။ “ဟိုတစ်ခါလာတုန်းက ဒီကားမဟုတ်ပါဘူး” “ဟိုကားလေးက မြတ်လို့ ရောင်းလိုက်ပြီ။ ဒီကားကလဲ ဈေးချောင်လို့ ဆွဲထားတာ၊ ၀ယ်ရောင်းလုပ်တာ မဆိုးဘူးကွ၊ လုပ်တတ်ကိုင်တတ်ရင် ၀င်ငွေလည်းရတယ်။ ခြေထောက်လဲ ရတာပေါ့” “ဘာ.. ခြေထောက်၊ ဟုတ်လား” “အေးလေ.. ငါတို့လောကမှာတော့ ကားဝယ်စီးတာကို ခြေထောက်တပ်တယ်လို့ ခေါ်တယ်။ မင်းလည်း ခြေထောက်တပ်သင့်တယ်ကွ” “အင်း.. ဟုတ်တယ်၊ ငါသဘောပေါက်ပြီ” သူသည် အောက်ကားလေးတစ်စင်းကို စ၀ယ်၍ ပြုပြင်မွမ်းမံပြီး ပြန်ရောင်းရာ အမြတ်ငွေ နည်းနည်းပါးပါး ရသည်။ လုပ်တတ်ကိုင်တတ်သွားတော့ အောက်ဈေးနှင့်ရှာဝယ်ပြီး တက်ဈေးမှာပြန်ရောင်းရင်း စီးပွားရေးအခြေအနေ တိုးတက်မှုရှိလာသည်။ “ကျင်ငယ်ရည်ထုတ်လုပ်သည့်စက် တည်ပါ” အဖေကတော့ တော်တော်ပေါက်ပေါက်ရှာရှာ ခိုင်းတာပဲဟု သူတွေးသည်။ အဓိပ္ပာယ်တော့ ဖော်လို့မရ။ ကျင်ငယ်ရည်ဆိုတာ တစ်ခုခုကို တင်စားထားတာပဲဆိုတာတော့ ရိပ်မိသည်။ ဘာလဲဆိုတာ စဉ်းစားရခက်နေသည်။ ထို့ကြောင့် အာရုံအပြောင်းအလဲဖြစ်အောင် လမ်းထွက်လျှောက်သည်။ လမ်းမှာ ရပ်ကွက်ထဲက ၀ါရင့် ယမကာသမားကြီးတစ်ယောက်နှင့် တွေ့သည်။ “ဘယ်သွားမလို့လဲကွ” ဟု မေးသဖြင့် သူက.. “ပျင်းပျင်းရှိလို့ ထွက်လာတာပါ၊ ဘီယာစတေရှင် သွားထိုင်ရင် ကောင်းမလားလို့။ လိုက်ချင်လိုက်ခဲ့ပါလား၊ ကျွန်တော်တိုက်ပါ့မယ်” ပြောတော့ ယမကာသမားကြီးက .. “တော်ပါပြီကွာ၊ ငါက ဘီအီးကလွဲရင် ဘာမှမကြိုက်ဘူး၊ မင်းဘီယာက အများကြီးသောက်ပြီးမှ နည်းနည်းလေးမူးတာ၊ ဆီးခဏခဏသွားရတာပဲ အဖတ်တင်တယ်” သူ့ခေါင်းထဲမှာ လက်ခနဲ အကြံရသွားသည်။ ဘီယာသောက်လျှင် ဆီးရွှင်စေသည်။ ကျင်ငယ်ရည်ထုတ်လုပ်သည့်စက်ဆိုတာ ဒါပဲကိုး။ သူသည် စည်ဘီယာဆိုင် ဖွင့်လိုက်လေသည်။ နောက်ဆုံးအချက်ကတော့ “ဦးနှောက်မပါသော ပညာရှိကို ဆည်းကပ်ပါ” ဘယ်လိုလဲ။ ပညာရှိပါဆိုမှ ဦးနှောက်မပါလို့ ဖြစ်မလား။ သာမန်လူပြိန်းတွေတောင် ဦးနှောက်ကတော့ ပါကြတာပဲ။ လူမပြောနဲ့ တချို့တိရစ္ဆာန်တွေမှာတောင် ဦးနှောက်ရှိကြသည်။ လူရယ်လို့ ဖြစ်လာတာလည်း တိရစ္ဆာန်တွေထက်ပိုပြီး အဆင့်မြင့်တဲ့ ဦးနှောက်ကို ပိုင်ဆိုင်ရခဲ့လို့ပဲ မဟုတ်လား။ ဒီဦးနှောက်ကို အားကိုးပြီးတော့ပဲ ကမ္ဘာကြီးကို မောင်ပိုင်စီးနိုင်ခဲ့တာမဟုတ်လား။ ဘာပဲဖြစ်ဖြစ် ဆိုလိုရင်းအဓိပ္ပါယ်ကိုတော့ ရအောင်ရှာရမည်။ လူတို့သည် ဦးနှောက်ရှိသောကြောင့် တွေးတောကြသည်။ ဒီအခါမှာ ကောင်းတာရော မကောင်းတာပါ တွေးမိသည်။ တရားတာရော မတရားတာပါ ကြံစည်စိတ်ကူးမိကြမည်။ ထို့ကြောင့် ဦးနှောက်မရှိတာကမှ ခပ်ကောင်းကောင်းဟု ဆိုလိုချင်တာလား။ မဖြစ်နိုင်။ ဦးနှောက်မရှိလျှင် အဆိုးသာမက အကောင်းကိုပါ တွေးတောဆင်ခြင်နိုင်မှာ မဟုတ်တော့။ တီကောင်တွေ၊ ပိုးမွှားတွေလို အဆင့်နိမ့်သတ္တ၀ါများနှင့် ဘာထူးတော့မှာလဲ။ ပဟေဠိရဲ့အဖြေကိုရဖို့ ဦးနှောက်ကိုသုံးပြီး စဉ်းစားနေရတာပဲလေ။ ဒါဖြင့် ဦးနှောက်မပါတဲ့ ပညာရှိဆိုတာ ဘယ်လိုဟာလဲ။ ဦးနှောက်မပါဘူးဆိုလျှင် သက်ရှိ မဖြစ်နိုင်တော့။ သက်မဲ့ပဲ ဖြစ်ရမည်။ သက်မဲ့အရာဝတ္ထုတစ်ခုက ပညာရှိဖြစ်နိုင်သလား။ သက်မဲ့အရာဝတ္ထုတစ်ခုကို ဆရာတင်ပြီး ဆည်းကပ်သင့်သလား။ ပညာရှိဆိုလျှင် မေးသမျှ ဖြေနိုင်ရမည်။ အကြောင်းအရာမျိုးစုံကို ခြုံငုံသိရှိနားလည်ရမည်။ ဒါဆိုလျှင်… သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ကွန်ပျူတာတစ်လုံးဝယ်ဖို့ပင် ဖြစ်လေ၏။ ~~~~~~~ မင်းလူ

Friday, April 6, 2007

Life


Even if you want to live more,

you maybe leave without knowing.



Even if you want to go,

you can't take off sometimes.



Even if you want to win,

you can be lose.



You can not pocess anything

that god pay for you.



You must stay not as you like.

But you can stay as god like.




Tay Zar

Monday, April 2, 2007

တိတ်ဆိတ်ခြင်း၏ အသံ

တိတ်ဆိတ်ခြင်း၏ အသံ
အခြားလူတစ်ယောက်၏ စိတ်ကို ညှို့ငင်ဆွဲယူနိုင်ဖို့ဆိုလျှင် မိမိစိတ်သည် အလွန်သန့်ရှင်းစင်ကြယ်စွာ တည်ငြိမ်နေရပေလိမ့်မည်။ *** အိမ်ကလေးသည် ကျဉ်းမြောင်းသော်လည်း ပြတင်းတံခါးအားလုံး ဖွင့်ထားသောကြောင့် လေ၀င်လေထွက် ကောင်းမွန်ပြီး သပ်ရပ်စွာ လင်းနေသည်။ “ဒါဖြင့် မင်းအခုလုပ်မယ့်အလုပ်ကို အပြုအမူမှန်လို့ မင်းယုံကြည်ပြီးသားပေါ့” အဘိုးအိုက ထိုမေးခွန်းကို နူးညံ့စွာ မေးလိုက်သောအခါ အမျိုးသမီးက ဆုံးဖြတ်ချက်ချထားပြီးသော မျက်နှာမျိုးဖြင့် ရဲရင့်စွာ ၀န်ခံလိုက်၏။ “ဟုတ်ကဲ့ ဆရာကြီး” ထိုအခါ အဘိုးအိုက သူ၏ ပိန်လှီသော၊ ထုံထိုင်းသော ဘယ်ဘက်ခြေထောက်ကို တရွတ်ဆွဲလျက် သူမနှင့်နီးအောင် ခုတင်စွန်းသို့ တိုးကပ်လာသည်။ “ဘာကြောင့် အပြုအမူမှန်လို့ မင်းပြောနိုင်သလဲ၊ မင်း လုပ်မယ့်အလုပ် မမှားဘူးလို့ ဘာဖြစ်လို့ တစ်ထစ်ချပြောနိုင်ရတာလဲ” အမျိုးသမီးသည် ခပ်စောစောက သူမ၀ယ်ယူလာပြီး ကန်တော့ခဲ့သော လင်ပန်းထဲမှ ပန်းသီးများ၊ စပျစ်သီးများကို ငေးမောလျက် ခဏစဉ်းစားနေသည်။ ထို့နောက် အဘိုးအိုဘက်သို့ လှည့်ကာ ရိုသေလေးစားဟန်ဖြင့် ဦးခေါင်းညွတ်လျက် ပြုံးပြ၏။ “ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလုပ်လိုက်လို့ အကျိုးဖြစ်ထွန်းလာမယ်ဆိုရင် ကျွန်မရော သူရော ပျော်နိုင်ကြမယ်လို့ ထင်လို့ပါ ဆရာ” “ဒါဖြင့် အပြုအမူတစ်ခု မှန်မမှန်ကို မင်းက ပျော်ရွှင်မှုနဲ့ တိုင်းတာမလို့ပေါ့၊ မင်းဟာ ပျော်ရွှင်မှုအဓိက၀ါဒီတစ်ယောက်လား၊ ဘဲင်သန်လို မီးလ်လို လူမျိုးလား” သူမ မဖြေပါ။ အခန်း၏ ခေါင်းရင်းထောင့်မှ ကြီးမားသော ဘုရားကျောင်းဆောင်နှင့်တကွ အတွင်းမှ သပ္ပာယ်လှစွာသော စေတီတော်များ၊ ဆင်းတုတော်များကို လက်အုပ်ချီ၍ စိတ်ထဲမှ ကန်တော့လိုက်၏။ သူမ၌ အဖြေမရှိသည်ကို သူမ၏ ဆရာဖြစ်ခဲ့ဖူးသော အဘိုးအိုက ရိပ်မိသွားသည်။ ထို့ပြင် အမျိုးသမီး၌ စိတ်လှုပ်ရှားမှုဟူ၍ စိုးစဉ်းမျှ မရှိသည်ကို သူ သတိပြုမိသည်။ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်း၊ နာကြည်းခြင်း၊ ဒေါသထွက်ခြင်းတို့ကို စောစောကလည်း မတွေ့ရ။ ယခုလည်း သူမ၏ မျက်နှာပေါ်၊ မျက်လုံးပေါ်မှာ မတွေ့ရ။ တကယ်ဆို လင်ယောက်ျားဖြစ်သူ၏ တစ်နှစ်ကြာမျှ မေ့လျော့စွန့်ပယ်ထားခြင်း ခံရသူ ဇနီးတစ်ယောက်အနေနှင့် သူမ ဒေါသထွက်သင့်သည်။ ၀မ်းနည်းသင့်သည်။ နာကြည်းသင့်သည်ဟု သူ စဉ်းစားနေ၏။ သို့သော် ဤခံစားမှုများကို သူမ ကျော်ဖြတ်ခဲ့ပြီးဖြစ်လိမ့်မည်။ “ဒီနည်းဟာ မင်းအတွက် ပျော်ရွှင်စရာဖြစ်ပေမယ့် သူ့အတွက် ပျော်ရွှင်စရာ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်လို့ မင်းတွေးကြည့်ဖူးသလား” “မတွေးဘူးဆရာ၊ သူ ကျွန်မဆီ ပြန်လာဖို့၊ ဒါမှမဟုတ် အလည်လာဖို့ ကျွန်မကြိုးစားတဲ့နေရာမှာ ကိုယ်ခန္ဓာကို အမိန့်ပေး ထိန်းချုပ်တာမှ မဟုတ်ဘဲ၊ သူ့ရဲ့စိတ်ကို ထိန်းချုပ်ညှို့ယူမှာပဲ၊ သူ ကျွန်မဆီ ပြန်လာတယ်ဆိုရင် ဒါ သူကိုယ်တိုင် ကျေကျေနပ်နပ်နဲ့ ပြုမူတာမျိုးပဲ ဖြစ်မှာပါ” ထို့နောက် နှစ်ယောက်လုံး ငြိမ်သက်စွာ ထိုင်နေကြသည်။ အမျိုးသမီးက ခုတင်ခြေရင်းက သင်ဖြူးဖျာပေါ်တွင် ကျုံ့ကျုံ့ထိုင်လျက်၊ အဘိုးအိုက ခုတင်အစွန်းတွင် ခြေဆန့်ထိုင်လျက် တစ်ယောက်ကိုတစ်ယောက် ကြည့်မနေကြဘဲ အတွေးကိုယ်စီတွင် နစ်မြုပ်နေကြသည်။ အမျိုးသမီးက သူမ၏ အတိတ်ဘ၀က ငယ်ရွယ်နုပျိုမှုများ၊ ပညာသင်ကြားစဉ်က အောင်မြင်မှုများ၊ ချစ်သူဘ၀ ကြည်နူးမှုများ၊ အိမ်ထောင်သည်ဘ၀၏ ပျော်ရွှင်မှုများ ထိုအရာများကို စွဲလမ်းတပ်မက်မှု လုံးဝမပါဘဲ ပြန်ပြောင်းတွေးနေခြင်းဖြစ်သည်။ အဘိုးအိုကတော့ သူ၏ အဆင်ပြေအောင်မြင်သော အိမ်ထောင်ရေး၊ ကျောင်းသားအားလုံး ရိုသေလေးစားခဲ့ရသော ဆရာဂုဏ်သိက္ခာ၊ သေဆုံးသွားသော အိမ်ထောင်ဖက်၊ တစ်ဦးတည်းသောသား၏ အောင်မြင်ကြီးပွားမှု၊ ၎င်း၏ ဖခင်ကို မေ့လျော့ထားမှု ထိုအရာများကို နာကြည်းမှုလုံးဝမပါဘဲ ပြန်ပြောင်းတွေးနေခြင်း ဖြစ်လေသည်။ “စိတ်စွမ်းအင်ဆိုတာကို မင်း ယုံကြည်တယ်ပေါ့” သူမ စိတ်ထက်သန်စွာ ခေါင်းညိတ်လိုက်၏။ “ဟုတ်ကဲ့၊ လုံးဝ ယုံကြည်ပါတယ်” ထိုစကားကို အဘိုးအိုကလည်း သံသယကင်းစွာ ယုံကြည်ပါသည်။ “ဒါပေမယ့် အဲဒီ တစ်စုံတစ်ရာသော စွမ်းအင်ကို ရဖို့ စိတ်ကို သန့်ရှင်းစင်ကြယ်နေအောင် လုပ်ရမယ်ဆိုတဲ့ အခြေခံအချက်ကို သိဖို့လိုသေးတယ်” ဟု သူက ဝေဖန်မှုကင်းစွာ အသိပေးလိုက်၏။ ထိုအချက်ကို အမျိုးသမီးက လေးစားစွာ လက်ခံပါသည်။ ထို့နောက် သူမ၏ ဆရာ မသိသေးသော၊ သိထားသင့်သည်ဟု ထင်ရသော အတိတ်က သူမ၏ စိတ်စွမ်းအင်တို့မှ အနည်းအကျဉ်းကို ပြန်လည်ပြောပြလိုက်သည်။ *** အမျိုးသမီးသည် သူမ၏ စိတ်စွမ်းအင်ကို မန္တလေးတက္ကသိုလ် ကျောင်းသူဘ၀မှာပင် စမ်းသပ်တွေ့ရှိခဲ့သည်။ ပထမတော့ အိပ်မက်များဖြင့် အစပြုခဲ့၏။ သူမသည် မကြာခဏ အိပ်မက်မက်လေ့ရှိသူမဟုတ်ပါ။ သို့မဟုတ် သူမ၏အိပ်မက်များသည် ၀ိုးတ၀ါးနိုင်လွန်းသောကြောင့် ကိုယ်တိုင် အိပ်မက်မက်မှန်း သတိမထားမိအောင် ဖြစ်ခဲ့ဟန်တူပါသည်။ သူမ အိပ်မက်တစ်ခုကို မှတ်မှတ်ထင်ထင် သတိထားမိပြီဆိုလျှင် ဤသည်မှာ သူမအတွက် သတိပေးချက်တစ်ခုသာ ဖြစ်ခဲ့သည်။ ပထမဆုံးသော သူမ၏ အိပ်မက်တစ်ခုမှာ မွေးနေ့လက်ဆောင်နှင့် ပတ်သက်သည်။ သူမမှာ သူငယ်ချင်းသုံးယောက်ရှိပြီး သူမအပါအ၀င် လေးယောက်သော မိန်းကလေးတို့သည် အုပ်စုတစ်စုအဖြစ် ရင်းနှီးချစ်ခင်စွာ နေထိုင်ခဲ့ကြသည်။ ထို့ကြောင့် တစ်ယောက်၏ မွေးနေ့တွင် ကျန်သုံးယောက်က စု၍ လက်ဆောင်ပေးသော ဓလေ့ကို ၁၉၈၀ ပြည့်နှစ်တွင် စတင်ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြ၏။ သူမ၏ မွေးနေ့သည် နိုဝင်ဘာလ ၁၁ ရက်ဖြစ်သဖြင့် သူမက လေးယောက်အုပ်စုတွင် နောက်အကျဆုံး မွေးနေ့လက်ဆောင်ရသူ ဖြစ်သည်။ နိုဝင်ဘာ ၁၀ ရက်နေ့ ညနေခင်းအထိ သူငယ်ချင်းများ တိတ်တခိုးဝယ်ပြီးဟန်တူသော လက်ဆောင်ပစ္စည်းကို သူမ မသိသေးပါ။ သူငယ်ချင်းတစ်ယောက်အတွက် ချယ်ရီဖိနပ်တစ်ရန်၊ နောက်တစ်ယောက်အတွက် (ချိုင်းချွေးနံ့ နည်းနည်းရှိသူမို့) ကာနေးရှင်းတစ်ဘူး၊ နောက်တစ်ယောက်အတွက် ပိုက်ဆံအိတ်လှလှလေး စသည်ဖြင့် ပေးပြီးခဲ့သမျှတွင် ကာယကံရှင်မသိအောင် တိတ်တဆိတ် ပစ္စည်းဝယ်ပြီး ပက်ကင်စက္ကူဖြင့် သေသေသပ်သပ် ထုပ်ပိုးချည်နှောင်ပေးလေ့ရှိသည်။ ထို့ကြောင့်လည်း မွေးနေ့ရှင်သည် မိမိအတွက် မွေးနေ့လက်ဆောင်ကို မွေးနေ့ညနေခင်းကျမှ ဖွင့်ကြည့်ကာ သိရစမြဲဖြစ်၏။ သူမကတော့ နိုဝင်ဘာ ၁၀ ရက်နေ့ညမှာ အိပ်မက်ဖြင့် စတင်သိခဲ့သည်။ အိပ်မက်ထဲမှာ သူငယ်ချင်းတွေ၏ မျက်နှာတွေက ၀ိုးတ၀ါးသာထင်၏။ သူတို့ ပြုံးနေကြသလား၊ အံ့သြနေကြသလားပင် မသေချာချေ။ သေချာသည်မှာ သူမ၏ စားပွဲပေါ်တွင် မီနီအယ်လ်ဘမ်ကလေးမှာ အပြာရောင်ဖြစ်ပြီး ကြောင်ဖြူကလေးနှစ်ကောင်၏ ဓာတ်ပုံနှင့်…တဲ့။ သူမ အိပ်ရာမှ နိုးလာသောအခါ အိပ်မက်ထဲမှ လှပသော အယ်လ်ဘမ်ကလေးကို သတိတရ ဖြစ်နေမိ၏။ အံ့သြဖို့ကောင်းသည်မှာ သူမသည် ငြင်းပယ်၍မရသော အုပ်စုလိုက် ဓာတ်ပုံရိုက်ခံခြင်းမှတစ်ပါး တစ်ယောက်တည်း ဘယ်တုန်းကမျှ မလှဓာတ်ပုံ မရိုက်ခဲ့ဖူးခြင်းပင် ဖြစ်သည်။ ထိုနေ့ နေ့လည်ခင်း လက်ဖက်သုပ်ဆိုင်မှာ သူမတို့ လေးယောက် ဆုံမိသောအခါ သူငယ်ချင်းတစ်ယောက်က မွေးနေ့လက်ဆောင်အကြောင်း စ၍ပြော၏။ “ခင်.. နင့်မွေးနေ့လက်ဆောင်ဟာ ဘာဖြစ်မလဲလို့ ခန့်မှန်းစမ်းပါ” ဟု မွေးနေ့တို့၏ ထုံးစံအတိုင်း မေးခွန်းဖြင့် ကျီစယ်လေသည်။ ထိုအချိန်မှာတော့ သူမ ဇဝေဇ၀ါဖြစ်ဆဲ။ မွေးနေ့လက်ဆောင် ပက်ကင်ထုပ်၏ အရွယ်အစားကိုပင်လျှင် မမြင်ရသေးချေ။ သူမ ဘာမှမပြောဘဲ ပြုံးနေသောအခါ တခြားတစ်ယောက်က အတိတ်စိမ်းတစ်ခု ပေးလေသည်။ “ဒီလက်ဆောင်က နင်ဘယ်တုန်းကမှ မစဉ်းစားဖူးမယ့် ပစ္စည်းတစ်ခုပဲဟ၊ ဒီလက်ဆောင်ကို နင်ဘယ်လို အသုံးချမလဲဆိုတာတောင် ငါတို့ စိတ်ဝင်စားနေကြတယ်” ထိုအချိန်ပင် သူမ၏ အိပ်မက်ထဲက စားပွဲပေါ်၌ တွေ့ရသော မီနီအယ်လ်ဘမ် အပြာရောင်ကလေးကို ဖျတ်ခနဲ ထင်ထင်ရှားရှား မြင်ယောင်သွား၏။ “ငါ သိတယ်၊ နင်တို့ပေးမယ့် လက်ဆောင်ကို…” သူငယ်ချင်းသုံးယောက်က မယုံကြည်သလို ပြုံးရယ်ကာ “ကဲ.. ဒါဖြင့် ပြောစမ်း” ဟု ပြိုင်တူမေးကြ၏။ “မီနီအယ်လ်ဘမ်ကလေးတစ်ခု” ထိုစကားကြောင့် သုံးယောက်လုံး တအံ့တသြဖြစ်ကာ တစ်ယောက်ကိုတစ်ယောက် မယုံသင်္ကာမျက်ဝန်းများဖြင့် ကြည့်ကြတော့သည်။ နင် ပြောတာမဟုတ်လားဟု တစ်ယောက်ကိုတစ်ယောက် တရားခံရှာလျက် အလုပ်ရှုပ်နေကြသည်ကို ပထမဦးဆုံးအကြိမ် အရသာတွေ့သွား၏။ တကယ်ဆိုတော့ မည်သူမျှ ဤကဲ့သို့ ကြိုတင်ဖွင့်ပြောလေ့ မရှိပါ။ သူမက အထက်စီးအပြုံးမျိုးဖြင့် ပြုံးရင်း “နောက်ပြီး ငါမမှားဘူးဆိုရင် အဲဒါ အပြာရောင်ကလေးပဲ” ဟု ထပ်ပြောလိုက်သေး၏။ ထိုအခါ အားလုံးက ၀ိုင်းဆဲရေးကြသည်။ “မိန်းမ… ရှင် ညတုန်းက ကျုပ်သေတ္တာထဲက ပက်ကင်ထုပ်ကို ခိုးဖောက်ကြည့်ပြီ” သို့သော် နောက်ပိုင်းတွင် သူမတကယ် အိပ်မက်ဖြင့်သိကြောင်း သူတို့ ယုံကြည်သွားကြ၏။ တစ်ခါတုန်းကလည်း သူမသည် အိပ်မက်ထဲတွင် ယောက်ျားတစ်ယောက်ကို တွေ့ရသည်။ ထိုသူသည် သူမနှင့် သိပ်ရင်းနှီးခင်မင်သူလည်းမဟုတ်၊ သူမတို့အုပ်စုနှင့် စတင်သိကျွမ်းခါစ ဆေးတက္ကသိုလ်ကျောင်းသားတစ်ဦး ဖြစ်သည်။ ထိုသူက အိပ်မက်ထဲမှာ သူမကို ပန်းခက်တစ်ခု လက်ဆောင်ပေးသည်ဟု ထင်၏။ သူဟုသာ သိနေပေမယ့် သူ့မျက်နှာထား အမူအရာက လုံးဝထင်ရှားသည်မဟုတ်။ ထင်ရှားသော အချက်မှာ ထိုပန်းခက်ကလေးကို ယုဇနပန်းခက်ဟု သူမသိနေခြင်းပင် ဖြစ်သည်။ ထိုအိပ်မက် မက်သည့်နေ့က တစ်နေ့လုံး သူမစိတ်ထဲမှာ ကြည်နူးပျော်ရွှင်နေသည်။ မဝေးလှသော ကာလအတွင်း သူမ ပျော်ရွှင်ရလိမ့်မည်ဟု သူမခံစားနေရ၏။ ထိုခံစားချက်သည် အသေအချာပင် ရင်ထဲ၌ စိမ့်ဝင်နေခဲ့သည်။ ရက်သတ္တပတ် ကျော်သောအခါ သူမကို ထိုယောက်ျားသားက ချစ်ခွင့်တောင်းလေသည်။ အိပ်မက်တို့ဖြင့် သူမကိုယ်သူမ ကြိုတင်နားလည်ပြီးသည့်နောက်တွင် သူမသည် ဘာသာရေးကို ယခင်ကထက် ပိုမိုလိုက်စားခဲ့သည်။ ညစဉ် ဘုရားရှိခိုးခြင်း၊ တစ်ပတ်တစ်ခါ ပရိတ်ရွတ်ခြင်းဟူသော သာမန်ကိုးကွယ်မှုများအပြင် သမာဓိကောင်းဖို့အတွက်လား၊ ၀ိပဿနာကျင့်ကြံအားထုတ်ဖို့အတွက်လား ကိုယ်တိုင်မသေချာဘဲ တရားထိုင်ခြင်း အလေ့အကျင့်ကို စတင်လိုက်စားခဲ့သည်။ (ထိုအလေ့အကျင့်ကို သူမ၏ ချစ်သူကတော့ သရော်သလို ပြုံးလေ့ရှိသည်။) တစ်ခါတုန်းက သူမတို့ ရည်းစားသက်တမ်း တစ်နှစ်အကြာ သူ နောက်ဆုံးနှစ် အပိုင်း(က)မှာ လက်တွေ့ ကွင်းဆင်းသွားရသည်။ သုံးပတ်ကြာသော ကာလတိုခရီးမို့ သူ မန္တလေးသို့ တစ်ကြိမ်ပြန်လာလိမ့်မည်ဟု သူမ အနည်းငယ်မျှ သံသယမ၀င်ခဲ့ပေ။ သို့သော် တစ်ရက်မှာတော့ သူမ သူ့ကို လွမ်းဆွတ်သတိရစိတ်ကြောင့် ညနေကတည်းက ရှိသမျှအလုပ်များ ဘေးဖယ်ကာ ခုတင်ပေါ်တွင် ငြိမ်သက်စွာထိုင်လျက် အာရုံကို ဘေးသို့ နည်းနည်းမျှ မပျံ့လွင့်စေဘဲ ထူးထူးခြားခြား သူ့အကြောင်းကိုသာ စူးစူးစိုက်စိုက် တွေးနေခဲ့၏။ သူ ရောက်ရှိနေမည်ဖြစ်သော မုံရွာမြို့ကို သူမ တစ်ခါမျှ မရောက်ဖူးပါဘဲ စိတ်ဖြင့် လိုက်သွားသည်။ ဆေးကျောင်းသားများကို ဆေးရုံအနီးမှာသာ နေရာချထားပေးပေလိမ့်မည်။ သည်အချိန်ဆို သူ ဘာလုပ်နေမှာပါလိမ့်။ ထမင်းစားနေမလား၊ ရေချိုးနေမလား၊ ညရှစ်နာရီ ရောက်ပြန်တော့ သူတစ်ခုခု စာရင်းပြုစုနေမလား၊ ဗီဒီယိုသွားကြည့်နေမလား၊ အရက်သောက်ချင်သောက်နေမလား၊ ဖဲရိုက်နေမလား၊ ဘာပဲ ပြုလုပ်နေသည်ဖြစ်စေ သူမကိုတော့ သတိရတမ်းတနေရမည်ဟု စိတ်ထဲမှာ ယုံကြည်စိတ်ချထားလိုက်သည်။ ထိုနေ့ ညနေမှ ညအထိ သုံးနာရီ လေးနာရီကြာအောင် သူမစိတ်ကို သူတစ်ဦးတည်းအပေါ်မှာ စူးစိုက်လျက် တွေးတော ၀င်စားနေခဲ့သည်။ နောက်တစ်နေ့သည် စနေနေ့ဖြစ်လျက် သူမအဆောင်သို့ သူ ရောက်လာခဲ့၏။ “ကိုယ်အရမ်းလွမ်းလွန်းလို့ ပြေးလာခဲ့တာလေ” ထိုအခါ သူမ တအံ့တသြ ရယ်မောမိတော့သည်။ အိပ်မက်များ၏ အပဖြစ်သော နောက်ထပ် စိတ်ညှို့မှုတစ်ခုကို သူမ စမ်းသပ် အောင်မြင်ခဲ့ပြန်၏။ ထိုစမ်းသပ်မှုမှာ အိပ်ပျော်နေသူတစ်ယောက်ကို အသံတိတ် စိတ်ဖြင့် နှိုးယူခြင်းပင်ဖြစ်သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သူငယ်ချင်းကို ဘေးက ထိုင်ကြည့်လျက် အသံလုံးဝမထွက်စေဘဲ လှုပ်ရှားမှုတစ်စုံတစ်ရာမျှ မရှိစေဘဲ အာရုံစူးစိုက်နေခဲ့သည်။ ထို့နောက် စိတ်ထဲမှပင် “နွယ်နွယ်.. ထ.. ထ” ဟု လေးငါးကြိမ်မက တိတ်တခိုးရေရွတ်ဆိုကာ အိပ်ရာမှ နှိုးကြည့်သည်။ ထို့နောက် သူငယ်ချင်းက အိပ်ချင်မူးတူးဖြင့် ထထိုင်၏။ “ဘာလဲ.. ဘာလဲ၊ ဘာဖြစ်လို့လဲ..ခင်” ဟု ပြူးပြူးပျာပျာ မေးလေသည်။ *** လေးထောင့်ကျသော မေးရိုးနှင့် ခိုင်မြဲသော မျက်ခုံးတို့အကြားရှိ သူမ၏ မျက်နှာမှာ ယုံကြည်မှုနှင့် သေချာမှုများကို မည်သူမဆို မြင်တွေ့နိုင်သည်။ ပါးလျားကျယ်ပြန့်သော နှုတ်ခမ်းသည် လျှို့ဝှက်သိုသိပ်တတ်သော သူမစိတ်၏ အမှတ်အသားတစ်ခုဖြစ်သည်။ ထိုနှုတ်ခမ်းပါးများသည် လူတကာထင်ထားသည်ထက် ပို၍ သေသပ်တိတ်ဆိတ်လေ့ရှိသည်။ “ဒီတော့ မင်း အဲဒီမြို့ကို ရောက်ဖူးရဲ့လား” “ဟင့်အင်း.. မရောက်ဖူးဘူးဆရာ၊ နမ္မတူဘော်တွင်းနားမှာလို့ ပြောတယ်၊ ထင်းရှူးပင်တွေ ရှိချင်ရှိနေမှာပေါ့ ဆရာ၊ တောင်ကုန်း ဒါမှမဟုတ် တောင်ခါးပန်းပြတ်ကလေး ဖြစ်ချင်လဲ ဖြစ်မှာပေါ့၊ ရာသီဥတုက စိုထိုင်းအေးစက်ချင် အေးစက်မှာပေါ့၊ ဒါတွေက အကြောင်းမဟုတ်ပါဘူး” ဒါဖြင့် ဘယ်ဟာက အကြောင်းလဲဟု အဘိုးအိုက တိတ်တဆိတ် အသံမထွက်ဘဲ မေးခွန်းထုတ်၏။ “အရေးကြီးတာက သူဟာ ဆေးရုံမှာ လက်ထောက်ဆရာဝန်ဖြစ်တယ် ဆိုတာပါပဲ၊ ဆရာဝန်တစ်ယောက်ရဲ့ တစ်နေ့တာလှုပ်ရှားမှု လုပ်ငန်းတာဝန်တွေကို ထည့်တွက်ပြီး ကျွန်မ အာရုံပြုရမှာပေါ့” သူက ခံစားမှုမဲ့သည်ဟု ပြောလို့ရလောက်သည်အထိ ခပ်ထုံထုံရှိနေသော ဘယ်ဘက်ခြေထောက်ကို လက်ဖြင့် ဖျစ်ညှစ်ဆုပ်နယ်ရင်း ခေါင်းတညိတ်ညိတ်လုပ်နေသည်။ “အင်း.. စိတ်ညှို့ဖို့ လူအမျိုးအစားထဲမှာတော့ ဆရာဝန်ကို စိတ်ညှို့ဖို့ အခက်ခဲဆုံးနဲ့တူတယ်” ဆရာဝန်ဆိုသည်မှာ နံနက်မိုးလင်းကတည်းက တစ်ယောက်တည်းသီးသန့် နေ၍မရဘဲ လူနာများနှင့် တစ်နေကုန် ကြုံတွေ့ဆက်ဆံရသူဖြစ်လေသည်။ ထိုသူမှာ စိတ်အားလပ်ချိန်၊ သီးသန့်ချိန်ဟူ၍ ရှားပါးလိမ့်မည်။ “ဟုတ်တယ်ဆရာ၊ ကျွန်မ သူ့အချိန်ဇယားကို တွေးကြည့်ဖူးပါတယ်၊ ည ၉ နာရီအထိ အချိန်ဇယားအပြည့်ပဲ၊ ဒီတော့ သူ့ကို အာရုံစူးစိုက်ပြီး တွေးဖို့က ည ၉ နာရီကျော်မှ သေချာမယ်” အဲဒီအချိန်မှာ တစ်စုံတစ်ယောက်သော မိန်းမရဲ့ အိပ်ရာပေါ်မှာ ရောက်မနေဘူးဆိုရင်ပေါ့လေ ဟု သူမ ဖြည့်စွက် တွေးတောလိုက်သည်။ သူမ၏အတွေးကို အဘိုးကြီးက ရိပ်မိစွာ ပါးရေတွန့်နေသော နှုတ်ခမ်းကို အစွမ်းကုန် ပြုံးလိုက်၏။ သို့သော် ယခင်က လေဖြတ်ထားသော ဒဏ်ကြောင့် ပီပြင်သောအပြုံးတစ်ခု ဖြစ်မလာချေ။ “နောက်တစ်ယောက်နဲ့ ဖောက်ပြားတယ်ဆိုတဲ့ စွပ်စွဲချက်ကရော ခိုင်လုံရဲ့လား” ဟု သူ ညင်သာစွာ မေးလိုက်လေသည်။ သူမသည် ဤအိပ်သို့ရောက်သည့် အချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် မျက်နှာထား ဇဝေဇ၀ါဖြစ်သွားသည်။ “ဟင့်အင်း၊ သိပ်တော့ မခိုင်လုံလှဘူးဆရာကြီး၊ ဒါပေမယ့် လိုက်သွားလို့မဖြစ်သေးတဲ့အတူ ခိုင်လုံတဲ့အထိ ကျွန်မစောင့်နေရင် အချိန်တွေ အကျိုးမရှိဘဲ အလဟဿ ကုန်လွန်သွားမှာ စိုးရိမ်မိပါတယ်။ အဘိုးအိုက ပြာမွဲသောမျက်လုံးများဖြင့် သူမကို ငေးကြည့်သည့်အကြည့်တွင် ဂရုဏာရိပ်များ၊ စာနာမှုများ ပါဝင်နေသည်။ သူမသည် လက်ချောင်းများကို ဆုပ်ချည်ဖြန့်ချည်ပြု၍ အဘိုးအိုထံမှ ထင်မြင်ချက်ကို မျှော်လင့်နေသည်။ “မင်းရဲ့စိတ်ဟာ အကြွင်းမဲ့ စင်ကြယ်နေပြီလို့ ထင်သလား” ထိုမေးခွန်းကို မျှော်လင့်ထားသောကြောင့် သူမ အလွယ်တကူပင် ဖြေလိုက်၏။ “ရာခိုင်နှုန်းပြည့်တော့ မစင်ကြယ်နိုင်ဘူးပေါ့ဆရာ၊ ဒါပေမယ့် သာမန်လူသားတစ်ယောက်အနေနဲ့ သန့်ရှင်းစင်ကြယ်နိုင်သမျှ အတိုင်းအတာ ရောက်လုနီးပါးတော့ ကျွန်မ ကြိုးစားနေပါတယ်” ထိုစကားကို သူယုံကြည်ဟန်မတူပါ။ သူ့မျက်လုံးတွင် မယုံသင်္ကာရိပ်ကလေး ဖြတ်သန်းသွား၏။ ထို့နောက် “ဘာနည်းနဲ့ ကြိုးစားနေတာလဲ” ဟု ပွင့်လင်းစွာ မေးတော့သည်။ သူမ ရိုသေလေးစားစွာ ဖြေလိုက်၏။ “စိတ်ကို အညစ်အကြေးကင်းစင်အောင် ပြုလုပ်ဖို့ ဗုဒ္ဓက ဟောကြားခဲ့တဲ့ မဂ္ဂင်ရှစ်ပါး လမ်းစဉ်နဲ့ပေါ့ဆရာ၊ ဓမ္မရဲ့ အင်္ဂါရှစ်ပါးကို ကျွန်မကြိုးစားလေ့ကျင့်နေခဲ့တာ နှစ်တွေ တော်တော်လေး ကြာပါပြီ၊ ဒီတော့…” “ကြိုးစားမှု အောင်မြင်တယ်လို့လဲ မင်းထင်တယ် မဟုတ်လား” အဘိုးအိုက စူးစိုက်စွာသော မေးခွန်းကို သူမ အလေးအနက်ဖြေ၏။ “ဟုတ်ကဲ့ဆရာ၊ ကျွန်မအနေနဲ့ အဲဒီမဂ္ဂင်ရှစ်ပါးထဲက သီလနဲ့ဆိုင်တဲ့ သုံးပါးကတော့ အသေအချာကို လိုက်နာပြီးသားပါ၊ ကျွန်မဟာ ဒီကောလိပ်မှာ နည်းပြဆရာမတစ်ယောက် ဖြစ်တယ်၊ ကျွန်မရဲ့အလုပ်က မွန်မြတ်တဲ့ ပညာကို သင်ကြားပြီး ပြန်လည်ဖြန့်ဖြူးဝေငှတဲ့အလုပ်၊ ဒီတော့ သမ္မာအာဇီဝဆိုတဲ့အင်္ဂါနဲ့ အလိုလိုပြည့်စုံပြီးသားမဟုတ်လားဆရာ၊ နောက်ပြီး သမ္မာဝါစာဆိုတဲ့ အင်္ဂါရပ်၊ ကျွန်မဟာ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားကို မပြောဖူးဘူး၊ သူတစ်ပါး စိတ်မချမ်းသာမယ့် စကားကို မပြောဘူး၊ စကားရဲ့ အညစ်အကြေးတွေမှန်သမျှ ဖယ်ရှားပြီးသား ဖြစ်တယ်ဆရာ၊ နောက်ပြီး သမ္မာကမန္တ” “ဟုတ်ပါပြီလေ… ဟုတ်ပါပြီ၊ သမာဓိအားလဲ ကောင်းစပြုပြီလို့ပဲ ထားပါတော့” “အနည်းဆုံး အခုအလေ့အကျင့်မနားမနေ လုပ်ခဲ့ပြီးတဲ့ ခုနစ်ရက်လုံးလုံး ကာလမှာပေါ့ဆရာ” အဘိုးအိုက ခေါင်းတညိတ်ညိတ်ဖြင့် သူမကို အကဲခတ်နေရာမှ တစ်ချက်တော့ ငြင်းဆို၏။ “ဒါပေမယ့် မင်းအခုပြုလုပ်မယ့် အပြုအမူကတော့ သမ္မာဝါယမမဟုတ်ဘူး” သူမ ဘာမျှ မဖြေရှင်းပါ။ သူမ လိုချင်သည်မှာ သစ္စာလေးပါးကို သိမြင်ဖို့အထိမဟုတ်၊ ဘ၀နာမယပညာ နိုးကြားပေါ်ပေါက်လာဖို့လည်း မရည်ရွယ်ကြောင်း သူမ၏ဆရာဖြစ်သူ သိပါလိမ့်မည်။ သီလ၊ သမာဓိဟူသော ဂုဏ်အရည်အချင်းများရအောင် သူမ နှစ်ပေါင်းများစွာ မသိလိုက်မသိဘာသာ ကြိုးစားခဲ့ပြီး ရှေ့သို့ ဆက်ဖို့ မကြိုးစားခြင်းကပင်လျှင် သူမ၏ဘ၀တဏှာ မက်မောတွယ်တာမှုကို ဆရာရိပ်မိပါလိမ့်မည်။ သူမ၏ ဆုံးဖြတ်ချက်ချထားပြီးသော ဟန်အမူအရာကို တစ်စတစ်စ အကဲခတ်မိပြီသော အဘိုးအိုသည် အတန်ကြာငေးမောတွေဝေနေပြီးနောက် စကားစတင်ပြော၏။ “ကဲ.. ဒီတော့ ဒီအပြုအမူကို မလုပ်ခင် ငါ့အတွေ့အကြုံကလေးတစ်ခုကို နားထောင်ဦး၊ နောက်မှ မင်းလုပ်သင့်မလုပ်သင့် ဆုံးဖြတ်.. ဟုတ်လား” ထို့နောက် လွန်ခဲ့သော ခြောက်လခန့်က သူ၏ အဖြစ်အပျက်ကို သူ့တပည့်ဟောင်း နည်းပြဆရာမလေးအား တစ်ဆင့်ပြန်လည်ပြောပြသည်။ “မင်းတို့အားလုံးသိပြီးသားပဲ၊ ငါ့မှာ သားတစ်ယောက်ရှိတယ်ဆိုတာ၊ အဲဒီသားကို ငါဘယ်လောက် ချစ်ခင်မြတ်နိုးတယ်ဆိုတာလဲ မင်းတို့အသိပဲ” “… ငါ့ဇနီးဆုံးသွားတော့ ငါက အသက် ၄၀ ရှိသေးတယ်၊ အဲဒီအချိန်မှာ သားက ၁၂ နှစ်သားအရွယ်ကျန်ခဲ့တယ်၊ အဲဒီသားကို ငါ့ရဲ့ မဖြစ်စလောက် လစာကလေးနဲ့ ခြိုးခြံခြစ်ကုတ်ပြီး ပညာသင်ပေးခဲ့တယ်၊ သူ စက်မှုတက္ကသိုလ်ကိုတက်ဖို့ ငါ့ရဲ့ လစာကလေးနဲ့ သူများတန်းတူ ထောက်ပံ့ပေးဖို့ ကြိုးစားခဲ့ရတယ်၊ မင်းတို့ဆရာမှာ ပုဆိုးသုံးထည်လား လေးထည်လား မင်းတို့အလောင်းအစားလုပ်ခဲ့ကြတာ ငါမှတ်မိသေးတယ်၊ အဲဒီလောက်တောင် ချို့ချို့ငဲ့ငဲ့နဲ့ နေခဲ့တယ်၊ နောက်အိမ်ထောင်ပြုဖို့ဆိုတဲ့ စိတ်ကူးမျိုး တစ်ခါမှတောင် ငါ့ခေါင်းထဲ ရောက်မလာခဲ့ပါဘူး၊ အဲဒီအတွက် ရလာတဲ့အကျိုးက ဘာလဲဆိုရင် သားဟာ အင်ဂျင်နီယာဘွဲ့ကို ထူးထူးချွန်ချွန်အောင်သွားတယ်၊ အလုပ်အကိုင်ရသွားတယ်၊ ငါနဲ့ ဝေးသွားတယ်” “…နောက် သူ အိမ်ထောင်ကျသွားတယ်၊ သူ နိုင်ငံခြားကို နှစ်ခါလား သွားရတယ်၊ ငါနဲ့ ပိုဝေးသွားတယ်၊ အဲဒီအထိ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ပဲလို့ တွေးလို့ရပါတယ်၊ အိမ်ထောင်တာဝန် ကျေပွန်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ဟာ သားလိမ္မာတစ်ယောက် ဘယ်တော့မှ မဖြစ်နိုင်ဘူး၊ ဒါဟာ သဘာဝနိယာမတရားပဲ မဟုတ်လား၊ ငါ သိပါတယ်၊ ဒါပေမယ့် ခက်တာက သူက ငါ့ဆီကို လူအလာတွင်မက စာရေးပါ ကျဲသွားခဲ့တယ်၊ နောက်ဆုံး သူ့သားသမီး ဘယ်နှစ်ယောက်ရနေပြီလဲဆိုတာတောင် ငါမသိတော့တဲ့အထိပဲ” “.. ငါ ပင်စင်ရတဲ့အခါ ဟောဒီ(သူက အိမ်ကလေးကို လက်ဝှေ့ယမ်းညွှန်ပြလျက်) စုတ်ချာချာအိမ်ကလေးတစ်လုံးကို ဒီမြို့မှာ ပိုင်ဆိုင်ခဲ့တယ်၊ ဒါပဲ ငါ့ရဲ့ ပိုင်ဆိုင်မှုဟာ ဆေးလိပ်ခုံက ဆေးလိပ်သမတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုအဆင့်အတန်းထက် နည်းနည်းမှ မပိုခဲ့တာ အခုမင်းအမြင်ပဲ၊ ဒါပေမယ့် ဒါဟာ ငါ့အတွက် သားအပေါ် မကျေနပ်စရာ အကြောင်းမဟုတ်ဘူ၊ ဒါပေမယ့် ငါရုတ်တရက် လေဖြတ်သွားတဲ့အခါ ငါ့မှာ သားတစ်ယောက်ရှိနေသေးတယ်ဆိုတဲ့ ယုံကြည်ကိုးစားမှုတစ်ခု ငါ့ဆီရောက်လာတယ်၊ အဲဒါ င့ါရဲ့ ပထမဆုံးအမှားပဲ၊ ဒုတိယအမှားကတော့ ငါ့ရဲ့ အကောင်းကျန်နေတဲ့ ညာလက်နဲ့ သားဆီကို စာတစ်စောင်ရေးလိုက်မိတာပဲ၊ တတိယအမှားကတော့ သူ့ဆီက လူမလာဘဲ ငွေချည်းရောက်လာတာကို ၀မ်းနည်းနာကြည်းမိတဲ့အတွက်ပဲ၊ “.. ငွေ ဘယ်လောက်ပို့သလဲဆိုတာကို မင်းစိတ်မ၀င်စားနဲ့၊ ငါလဲ စိတ်မ၀င်စားဘူး၊ ငါ လိုချင်တာ ငွေလဲမဟုတ်ဘူး၊ ကိုယ်တစ်ခြမ်း လေဖြတ်နေတဲ့ သွက်ချာပါဒ ရောဂါသည် အဘိုးကြီးတစ်ယောက်အနေနဲ့ သူ ချစ်ခင်မြတ်နိုးတဲ့ သားတစ်ယောက်ဆီက မျှော်လင့်သမျှ အရာတွေထဲမှာ ငွေကြေးက နောက်ဆုံးမှာ ရှိနေတယ်။ အဲဒါကို မင်းကတော့ ခံစားနားလည်နိုင်လိမ့်မယ်လို့ ထင်တယ်လေ” ထို့နောက် အဘိုးအိုသည် သူပြောခဲ့သော စကားများကို ပြန်လည်ဝေဖန်ဆန်းစစ်ဟန်ဖြင့် ခဏမျှ ငြိမ်သက်သွား၏။ ထိုအချိန်တွင် တစ်အိမ်လုံးသည် အိမ်မြှောင်စုတ်ထိုးသံပင် မကြားရဘဲ တိတ်ဆိတ်နေသည်။ အထီးကျန်အဘိုးအို၏ ကျဉ်းမြောင်းသော ထရံကာအိမ်ကလေးသည် အဘိုးအို၏ဘ၀ကို နားလည်ခံစားနိုင်အောင် တွန်းအားပေးလျက်ရှိ၏။ သူမသည် သင်ဖြူးဖျာပေါ်တွင် ကျုံ့ကျုံ့ကလေး ထိုင်လျက် မျက်လွှာချကာ ငြိမ်သက်နေသည်မှာ တရားဘာဝနာ အားထုတ်ဖို့ ပြင်ဆင်နေသူတစ်ယောက်ပမာ ဖြစ်သည်။ “နောက်ဆုံးတော့ ကံကောင်းတယ်ပြောရမလား၊ ကံဆိုးတယ်ပြောရမလားမသိဘူး၊ အလွန်တော်တဲ့ မြန်မာသမားတော်ကြီးရဲ့ ကုသမှုကြောင့် ငါ တုတ်ကောက်နဲ့ လမ်းလျှောက်နိုင်လောက်အောင် တရွတ်ဆွဲသွားနိုင်လောက်အောင် ပြန်နေကောင်းလာတယ်။ “.. င့ါသားအပေါ်မှာ နာကြည်းချက် နည်းနည်းကလေး ရှိခဲ့ပေမယ့် ငါ နေကောင်းတဲ့အခါ အဲဒါက အလိုလို ပျောက်ကွယ်သွားပါတယ်၊ နောက်ပိုင်းမှာ ငါ ကိုးပါးသီလ အမြဲယူပြီး စောင့်ထိန်းတယ်၊ မင်းပြောတဲ့ မဂ္ဂင်ရှစ်ပါး လမ်းစဉ်အတိုင်းပဲ ငါ ရက်ပေါင်းများစွာ အထူးကျင့်ကြံအားထုတ်တယ်၊ မင်းထက်သာတာက ငါ့မှာ အလုပ်သွားစရာ တာဝန်မရှိ၊ အိမ်လာလည်တဲ့ ဧည့်သည်မရှိ၊ ပေါင်းသင်မြက်နုတ် ပန်းစိုက်ဖို့ ခွန်အားမရှိ၊ ဒီတော့ မနက်နေထွက်ကနေ ညအထိ ငါ့အတွက် အချိန်အားလုံးဟာ သမထထိုင်ဖို့ချည်းပဲ ဖြစ်ခဲ့တယ်။ “.. ဒီလိုနဲ့ တစ်နေ့ကျတော့ မင်းရဲ့ စိတ်ကူးရည်ရွယ်ချက်မျိုး မဟုတ်တဲ့ အပြစ်ကင်းတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ငါ့သားကို ညနေတိုင်း တသမျှော်လင့်ခဲ့မိတော့တယ်၊ ငါ့စိတ်ထင်တော့ သူ ဂေါ့ဖ်ကလပ်သွားကောင်း သွားနေနိုင်တဲ့ ညနေအချိန်တိင်း သူ့အကြောင်းကိုချည်း အာရုံစူးစိုက်ပြီး စဉ်းစားတွေးတောနေခဲ့မိတယ် ထင်တာပဲ၊ သိပ်တော့ မမှတ်မိဘူး၊ အဲဒါဟာ ရက်ပေါင်းနှစ်ဆယ်ကျော်ကျော် ကြာခဲ့တယ်၊ မင်းစဉ်းစားကြည့်ပေါ့၊ တစ်ညနေမှာ အချိန်သုံးနာရီလောက် ယူပြီး ညနေပေါင်းနှစ်ဆယ်ကျော်မှာ မလှုပ်မယှက်ထိုင်ပြီး သူ့အကြောင်း အာရုံစူးစိုက် မေတ္တာပို့နေခဲ့တာပဲ” အဘိုးကြီး၏အသံက နည်းနည်းချင်း တိုးဝင်သွားပြီး သူမ မော့ကြည့်လိုက်သော အချိန်၌ ပြာမွဲသော၊ မတောက်ပသော မျက်လုံးအိမ်မှာ မျက်ရည်စများ စွန်းထင်းစိုလက်နေသည်ကို တွေ့ရသည်။ ဤစကားသို့ ရောက်အောင် အဘိုးအို ဘာကြောင့်ဆွဲယူလာသည် ဆိုသည်ကိုလည်း သူမ ရိပ်မိသွား၏။ ဘာပဲဖြစ်ဖြစ် အကျိုးကျေးဇူးတစ်ခုကိုတော့ သူမသိရပေလိမ့်မည်။ “အဲဒီ ငါ့အပြုအမူကို မှန်မမှန် ငါ့ဟာငါ အခုမှ ဆန်းစစ်ဝေဖန်ကြည့်တော့ မှားနေတာတွေ့ရတယ်၊ အဲဒီရလဒ်ဟာ ဘာလဲဆိုတာ မင်းစိတ်ဝင်စားမယ်လို့ ထင်တယ်” အမျိုးသမီးသည် ပထမဆုံးအကြိမ် စိတ်လှုပ်ရှားစွာဖြင့် ကိုယ်ခန္ဓာအနေအထားကို အနည်းငယ်ပြင်ဆင်၍ ထိုင်သည်။ သူမ၏ ဆရာကို မော့ကြည့်သော မျက်ဝန်းများတွင် စိတ်ဝင်စားမှုကို ၀န်ခံသည့် အရိပ်တစ်ရိပ် ထင်လာ၏။ “ငါ့ရဲ့စိတ်က သူ့ရဲ့စိတ်နဲ့ ဘယ်လိုပတ်သက်ဆက်နွယ်သွားသလဲတော့ ငါမသိပါဘူး၊ နှစ်ပေါင်းများစွာ ငါ့ကို ပစ်ပယ်ထားတဲ့ သားဟာ ငါ့ဆီကို တကူးတက လာခဲ့တော့တယ်” အမျိုးသမီးသည် ထိုအဖြေကို မျှော်လင့်စောင့်စားနေသော်လည်း တကယ်ကြားလိုက်ရသည့်အခါမှာ အားတက်သွားသည့် ခံစားမှုမျိုးကို ဘယ်လိုခွန်အားမျိုးကမှ လိုက်မမီချေ။ “ဒါပေမယ့် သူ င့ါဆီကိုလာတယ်ဆိုတာ ရက်တော်တော်ကြာမှ ငါသိရတာပါ၊ ငါ တစ်ခါပဲမြင်ဖူးတဲ့ ငါ့ချွေးမက ငါ့ဆီကို စာရေးလိုက်တော့မှ သိတာပါ၊ စာထဲမှာ ငါ့သား ငါ့ဆီကိုလာဖို့ ကားကိုကိုယ်တိုင်မောင်းပြီး ထွက်ခွာသွားတဲ့အကြောင်း၊ လမ်းခရီးမှာ ကားမှောက်ပြီး အသက်ဆုံးရှုံးသွားကြောင်း၊ အဲဒီစာကလေးတစ်စောင် ငါရလိုက်တယ်” စောစောက သူမ၏ အားတက်မှုမှာ ထိတ်လန့်ကြောက်ရွံ့မှုအဖြစ် လျှပ်တစ်ပြက် ပြောင်းလဲဖြစ်ပေါ်သွားသောကြောင့် သူမသည် အဘိုးအိုကို ဖျောင်းဖျနှစ်သိမ့်ဖို့ပင် မေ့လျော့နေ၏။ “ငါ့သားနဲ့ ပတ်သက်တဲ့ နောက်ဆုံးသတင်းကတော့ အဲဒါပဲ၊ အဲဒါ လွန်ခဲ့တဲံ ခြောက်လလောက်က ဖြစ်သွားတာ” ထို့နောက် ဆရာတပည့်ဟောင်းနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် စိုက်ငေးလျက် တစ်ယောက်၏ ပူပင်သောကကို တစ်ယောက်က နုတ်ယူခံစားဖို့ ကြိုးစားနေသလို ငြိမ်သက်နေကြပြန်သည်။ ထို့နောက်မှ အဘိုးအိုက အပြုံးနှင့်မတူသော သူ့ကိုယ်ပိုင် ခပ်ရွဲ့ရွဲ့အပြုံးဖြင့် သူမကို သတိပေးသည်။ “ဒီတော့ မင်းတစ်ခုခု ပြုမူတော့မယ်ဆိုရင် ဒီအဖြစ်အပျက်ကလေးကို ထည့်စဉ်းစားသင့်တယ်လို့ ငါထင်တယ်” “ဒီနေ့ ကျွန်မနဲ့ဆရာကြီးနဲ့ ဆွေးနွေးပွဲမှာ ဒါ ဆရာကြီးရဲ့ ထင်မြင်ချက်ပဲလားဟင်” အမျိုးသမီးက အနည်းငယ်တွန့်ဆုတ်စွာ မေးသည့်အခါ သူ ခေါင်းယမ်း၏။ “မဟုတ်သေးဘူး၊ ငါ့ထင်မြင်ချက်ကို အခုမှပြောမယ်၊ နံပါတ်တစ် အချက်အနေနဲ့ လူတစ်ယောက်ကို သူ့စိတ်နဲ့သူ လွတ်လွတ်လပ်လပ် ပြုမူဖို့ ခွင့်ပေးထားသင့်တယ်၊ သူ့စိတ်ကို အနီးကဖြစ်စေ၊ အဝေးကဖြစ်စေ ထိန်းချုပ်ညှို့ယူပြီး အကျပ်ကိုင်ခိုင်းစေခြင်းအားဖြင့် အဲဒီလူရဲ့ စိတ်မှာ နှောင်တည်းခံကျဉ်းကျပ်မှုကို ဖြစ်ပေါ်စေတယ်၊ တွေဝေစေနိုင်တယ်၊ အဲဒီလိုလုပ်ခြင်းအားဖြင့် ဖြစ်တန်ရာတဲ့ ပျော်ရွှင်မှုဆိုတာကို မရဘဲ မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေတတ်တယ်၊ ဥပမာ နောင်တ၊ ကြေကွဲမှု စသည်ဖြင့်ပေါ့” “ဟုတ်ကဲ့ ဆရာဆိုလိုချင်တာကို ကျွန်မသဘောပေါက်ပါတယ်၊ ကျွန်မ စဉ်းစားပါ့မယ်” *** ကထိကဟောင်း ဆရာကြီး၏ နေအိမ်မှ အမျိုးသမီးပြန်ထွက်လာသည့်အခါ လမ်းမီးတိုင်များပင် လင်းနေကြပြီ။ ဆင်ခြေလျှော ကျောက်စရစ်လမ်းကို ဖြတ်ကျော်လာပြီးမှ ဆရာကြီး မပြောဘဲ ထားခဲ့သော နံပါတ်နှစ် ထင်မြင်ချက်ဟာ ဘာများပါလိမ့်ဟု စဉ်းစားကြည့်နေ၏။ ရပ်ကွက်နှစ်ခုစာဝေးသော သူမ၏ခြံဝန်းရှေ့သို့ ရောက်သောအခါ ညအမှောင်သည် အတော်ပီပြင်လာခဲ့ပြီ။ ထိုအချိန်မှာပင် နံပါတ်နှစ်ထင်မြင်ချက်ကို သူမ စိတ်မှန်းဖြင့် တွေးတောကြည့်မိသွားသည်။ “မိန်းမသားတွေမှာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုရှိတယ်၊ အဲဒါဟာ စောင့်ဆိုင်းမှုပဲ” ၎င်းသည် သူမ၏ ထင်မြင်ချက်လည်းဖြစ်သည်။ ~~~~~ ဂျူး ၁၉၉၀ ခု၊ သြဂုတ်လ၊ မဟေသီရုပ်စုံမဂ္ဂဇင်း

အလွမ်းမပါသောပြဇာတ်


အဲဒီနေ့က နေသည် ခါတိုင်းလိုပင် အရှေ့ဘက်မှ ထွက်ခဲ့၏။ ထိုင်နေကျ လက်ဘက်ရည်ဆိုင်မှာ ထိုင်နေရင်း ကိုဘုန်းဝေက 'လူ့လောကဆိုတာ ကြက်ဥခွံတွေ စုထည့်ထားတဲ့ အမှိုက်ခြင်းနဲ့ တော်တော်တူတာကွ' လို့ ဆိုသည်။ မောင်မင်းဇော်က လေးစားမှုတစ်ဝက် သံသယတစ်ဝက်ဖြင့် 'ခင်ဗျားဥပမာက မဟုတ်သေးပါဘူးဗျာ၊ ဒါဖြင့် အဲဒီကြက်ဥတွေထဲက အနှစ်တွေကို ဘယ်သူက ဖောက်သောက်ပစ်သလဲ' ဟု စောဒကတက်၏။ ကိုဘုန်းဝေက ထုံးစံအတိုင်း မောင်မင်းဇော်စကားကို ဂရုမစိုက်ဘဲ အရှေ့ဘက်ကိုသာ မေးငေါ့ပြကာ 'ဟော ဟိုမှာ ကြက်ဥခွံတစ်ခု လာနေပြီ' ဟု ပြောလိုက်၏။ မောင်မင်းဇော် လှည့်ကြည့်လိုကတော့ သူတို့စားပွဲရှိရာကို လျှောက်လာနေသော ကိုသက်ခိုင်ကို တွေ့ရသေလည်။ ကိုသက်ခိုင်က သူ့ပင်ကိုဟန်အတိုင်း နွမ်းယဲ့ယဲ့ပြုံးရင်း ကုလားထိုင်အလွတ်တစ်လုံးမှာ ၀င်ထိုင်၏။ သူတို့နှစ်ယောက်ကို တွေ့သဖြင့်သာ ကိုသက်ခိုင် ဤလက်ဖက်ရည်ဆိုင်ကို ၀င်လာခြင်းဖြစ်ကြောင်း မောင်မင်းဇော် ကောင်းကောင်းသိသည်။ ကိုသက်ခိုင်က လက်ဖက်ရည်ဆိုင် ထိုင်လေ့မရှိ။ သို့မဟုတ် ဤလက်ဖက်ရည်ဆိုင်တွင် ထိုင်လေ့မရှိ။ ဘော်ဒါဆောင်တွင် ရှိနေလျှင် တစ်ချိန်လုံး စာအုပ်တစ်အုပ်နှင့် အခန်းအောင်းနေတတ်သူသာ ဖြစ်သည်။ လမ်းထွက်လျှင်လည်း ကြုံတဲ့နေရာမှာ ဖတ်ဖို့ လက်ထဲမှာ စာအုပ်တစ်အုပ် အမြဲပါတတ်၏။ သူ့လက်ထဲမှာ ပါလာသော စာအုပ်ကို စားပွဲပေါ် လှမ်းတင်လိုက်သောအခါ ပင်ဂွင်းတိုက်ထုတ် ကမူး၏ ပလိပ်ဝတ္ထု ဖြစ်နေသည်ကို တွေ့ရ၏။ မောင်မင်းဇော် ကိုယ်တိုင်လည်း ဤစာအုပ် ဘာသာပြန်ကိုတော့ ဖတ်ပြီးပြီ။ နားလည်ရခက်သော စာအုပ်ဖြစ်၏။ စားပွဲပေါ် တင်လိုက်သော ထိုစာအုပ်ကို သူ့လိုပင် လှမ်းကြည့်လိုက်သည့် ကိုဘုန်းဝေ မျက်နှာပေါ်၌ သရော်ပြုံးကလေးတစ်ခု လင်းလက်သွားတာကို မောင်မင်းဇော် အကဲခတ်လိုက်မိ၏။ တစ်ခါက ကမူးရဲ့ အပြင်ကလူကို ဖတ်ပြီးစ မောင်မင်းဇော်က ကိုဘုန်းဝေကို 'ခင်ဗျား ကမူးစာတွေ မကြိုက်ဘူးလား' ဟု မေးဖူး၏။ ကိုဘုန်းဝေက သူပြုံးနေကျ အပြုံးနှင့် 'ကမူးဟာ ဘောလုံးလည်း ကန်ဖူးတယ်.. ကွန်မြူနစ်ပါတီဝင်လည်း ဖြစ်ခဲ့ဖူးတယ်.. အဲဒီ နှစ်ချက်တည်းနဲ့ သူ့စာတွေဟာ ဖတ်ဖို့ မလိုတော့ဘူးကွ..' ဟု မှတ်ချက်ပေးခဲ့ဖူးတာ သွားတသိရ၏။ ပြီးတော့ ပြောသေးသည်။ 'အိတ်ဇစ်စတယ်ရှယ်လစ်ဝါဒ ဆိုတာကို မြန်မာစာပေလောကမှာတော့ ယင်နားထားတဲ့ သရက်သီးမှည့်တစ်လုံး ဖြစ်နေပြီကွ.. သက်ခိုင်ကိုလည်း အဲဒီဝမ်းရောဂါ ကူးစက်နေဟန်တူတယ်..' “ဘာသောက်မလဲ ဆရာ..” စားပွဲထိုးကလေးက ကိုသက်ခိုင်ကို မေး၏။ ကိုသက်ခိုင်က ခပ်တိုးတိုးပင် 'လက်ဖက်ရည်ပေါ့' လို့ မလိုအပ်သလို ဖြေ၏။ “ချိုဆိမ့်လား ပေါ့ကျလား…” စားပွဲထိုးကလေးက ထပ်မေး၏။ ကိုသက်ခိုင် မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက် အမူအရာမှာ ဖုံးဖိမရအောင်ပင် ပေါ်လွင်လာ၏။ သူက သက်ပြင်းတစ်ချက်ချကာ 'ဘယ်လိုဖြစ်ဖြစ်ပေါ့ကွာ'ဟု စိတ်မရှည်စွာ ပြောလိုက်၏။ စားပွဲထိုးကလေးက သူ့ကို အူကြောင်ကြောင်ကြည့်ကာ အနားမှ ထွက်သွားတော့မှ မောင်မင်းဇော်တို့ဘက်လှည့်ပြီး… “လက်ဖက်ရည်တစ်ခွက် အချိုပေါ့သွားတာ အကျရည်များသွားတာတွေထက် အရေးကြီးတဲ့ ကိစ္စတွေ လောကကြီးမှာ အများကြီး ရှိပါတယ်ဗျာ၊ လူတွေဟာ ဘာလို့ ဒီလိုအသေးအဖွဲ ကိစ္စလေးတွေနဲ့ အလုပ်ရှုပ်ခံနေကြတာလဲ” လို့ ညည်းညူသည်။ သူတို့နှစ်ယောက် (ကိုဘုန်းဝေနှင့် ကိုသက်ခိုင်)သည် ဒီလိုနေရာမျိုးမှာတော့ တူတတ်တယ်လို့ မောင်မင်းဇော် တွေးမိ၏။ နှစ်ယောက်စလုံး၌ပင် တခြားသူတွေနှင့် မတူသော ထူးခြားသည့် ဘ၀အမြင်တွေ ရှိနေကြ၏။ သူတို့နှစ်ယောက်ချင်းကျတော့လည်း မတူပြန်။ မောင်မင်းဇော်ကတော့ ဤဘော်ဒါဆောင်တစ်ခုလုံးတွင် သူတန်ဖိုးထားစွာ ပေါင်းသင်းစရာ ဤလူနှစ်ဦးသာ ရှိသည်ဟု ထင်မြင်နေ၏။ ဒီလူနှစ်ယောက် ဘော်ဒါဆောင်မှာ နေပုံကလည်း သီးသန့်ဆန်လွန်းအားကြီးသည်။ တခြားလူတွေနှင့် ရောရောနှောနှော မရှိ။ သူတို့နှစ်ယောက်လုံးက နယ်မှ ကျောင်းလာနေသော မောင်မင်းဇော်ကို ညီငယ်လို သဘောထားကာ ဆက်ဆက်ဆံဆံ ရှိကြတာကိုပင် မောင်မင်းဇော်အဖို့ ရခဲသော ဆုလာဘ်တစ်ခုအဖြစ် မှတ်ယူရသေးသည်။ ကိုဘုန်းဝေ အသက်က လေးဆယ်ဝန်းကျင် (သူ့အသက်ကို ခန့်မှန်းရတာမလွယ်)၊ ကိုသက်ခိုင်က သုံးဆယ်ဝန်းကျင်။ ကိုဘုန်းဝေက ရှိရင်းစွဲအသက်ထက် နုပျိုသလို ထင်ရပြီး ကိုသက်ခိုင်ကတော့ ရှိရင်းစွဲ အသက်ထက် ရင့်ရော်သလို ထင်ရလေသည်။ သူ့အပေါ် ကိုဘုန်းဝေ၏ ဆက်ဆံရေးက တရင်းတနှီးရှိပြီး ကိုသက်ခိုင် ဆက်ဆံရေးက တလေးတစားရှိသည်ဟု ခံစားရသည်။ သူတို့ သုံးယောက်စလုံး တူတာတစ်ခုကတော့ စာပေကို ၀ါသနာ ပါကြခြင်း ဖြစ်သည်။ အခုတော့ နှစ်ယောက်လို့ ပြောရင်လည်း မမှားဟုထင်သည်။ တစ်လောကတော့ ကိုဘုန်းဝေသည် သူ့အခန်းနှင့် အပြည့်ရှိသော စာအုပ်တွေကို ကားတစ်စီးတိုက် သယ်ချသွားကာ ရောင်းခဲ့၏။ ပြီးတော့ ရတဲ့ငွေကို ၀ိတ်မသည့် ၀ိတ်ပြားတွေ အတံတွေနှင့် အားကစားကိရိယာတွေ ၀ယ်လာသည်။ အရင်က စာရွက်လှန်သံ တဖျပ်ဖျပ် ကြားရသည့် သူ့အခန်းထဲမှာ အခုတော့ ၀ိတ်မ,သည့် ချသည့်အသံ တချွင်ချွင်သာ ကြားရသည်။ “ပညာရှိဆိုပြီး လေအေးကလေးတိုက်ရုံ၊ နေပူကလေးထွက်ရုံနဲ့ နှာစေးဖျားနာနေရင် ဘယ်ဟုတ်တော့မလဲကွာ၊ ရုပ်နဲ့နာမ်နဲ့ ဖွဲ့ထားတဲ့လူဟာ နှစ်မျိုးလုံး ကြံ့ခိုင်ဖို့ လိုတာပဲ.. လူတော်များများ မဖတ်နိုင်တဲ့ စာမျိုးကို ငါ အနှစ်သုံးဆယ်လောက် အဆက်မပြတ် ဖတ်ခဲ့ဖူးပြီ၊ ငါ့ကိုယ်မှာ လိုနေတာ တစ်ခုပဲ ရှိတော့တယ်ကွ.. အဲဒါက ကြွက်သားပဲ” ဟုလည်း မောင်မင်းဇော်ကို ပြောခဲ့၏။ မိုးကလေး နည်းနည်း ညို့ရင် ဆွယ်တာအင်္ကျီကို ရင်ပတ်စေ့ဝတ်ရလေ့ရှိသော ကိုသက်ခိုင်ကတော့ ထူးထူးခြားခြား မဝေဖန်ဘဲ ထုံးစံအတိုင်း နွမ်းယဲ့ယဲ့သာ ပြုံးသည်။ သူတို့အပြုံးတွေကလည်း တစ်ဘာသာစီပင်။ ကိုဘုန်းဝေအပြုံးက တစ်လောကလုံးကို ထီမထင်တဲ့ သရော်ပြုံး။ ကိုသက်ခိုင်အပြုံးကတော့ တစ်လောကလုံးကို လက်မြှောက်အရှုံးပေးထားရတဲ့ မချိပြုံး။ တစ်ခါက ကိုဘုန်းဝေက မောင်မင်းဇော်ပြသော မဂ္ဂဇင်းထဲမှ ကိုသက်ခိုင်၏ ကဗျာတစ်ပုဒ်ကို စိတ်လိုလက်ရ ခုလို ဝေဖန်ဖူး၏။ “သူ့ကဗျာတွေက သူ့ကို လောကကြီးက၊ ဒါမှမဟုတ် တခြားလူတွေက၊ နောက်ဆုံး ကွဲသွားတဲ့ သူ့မိန်းမနဲ့ ယောက္ခမတွေက ဖြစ်ဖြစ်ပေါ့ကွာ၊ နားလည်ခွင့်လွှတ်ကြဖို့ တောင်းပန်ရှင်းပြနေတာပဲ၊ အဲဒါကိုပဲ သူက ဘ၀အမြင်လို့ ထင်နေသလားမသိဘူး.. ဒီအတွက်နဲ့တော့ ကဗျာရေးမနေသင့်ပါဘူးကွာ.. နောက်ဆုံး ခွင့်လွှတ်စရာရှိတယ်ဆိုရင်တောင် အနုပညာသမားကသာ လောကကြီးကို ခွင့်လွှတ်ခဲ့ရမှာပါ…” ကိုသက်ခိုင်ကတော့ ကိုဘုန်းဝေကို အကောင်းအဆိုး ဝေဖန်ခဲသည်။ လွန်ခဲ့သော ဆယ့်ငါးနှစ်ကျော်ကျော်ကတော့ ကိုဘုန်းဝေသည်လည်း ကဗျာကောင်းကြိုက်သူတို့အကြားမှာ အနည်းငယ် ထင်ရှာသော ကဗျာဆရာတစ်ယောက် ဖြစ်ခဲ့သည်ဟု ဆို၏။ ဒီအချိန်ကဆို မောင်မင်းဇော် မူလတန်းကျောင်း ရောက်စပဲ ရှိဦးမည်။ ကိုသက်ခိုင်ကတော့ ကိုဘုန်းဝေ ကဗျာတစ်ချို့ကို ခုထိ အလွတ်ရွတ်ပြနိုင်သေးသည်။ ဒီတစ်ချက်တည်းနှင့်ပင် ကိုဘုန်းဝေအပေါ်မှာ သူ အနွံအတာ ခံနိုင်ခဲ့တာလည်း ဖြစ်သည်။ “သူ ဘာဖြစ်လို့ ကဗျာဆက်မရေးတော့တာလဲ” လို့ မောင်မင်းဇော်က ကိုဘုန်းဝေကို မမေးရဲသော မေးခွန်းအား ကိုသက်ခိုင်ကို မေးဖူး၏။ “ဒီလူက တစ်မျိုးပဲ.. သူ အနိုင်နဲ့ ပိုင်းခဲ့တာ နေမှာပေါ့၊ ဒါမှမဟုတ် တခြားအကြောင်း တစ်ခုခုလည်း ရှိချင်ရှိမယ်၊ တစ်ခါတော့ ပြောဖူးတယ်..” ဒီဘော်ဒါဆောင်ကို မောင်မင်းဇော်မရောက်ခင်ကတည်းကပင် သူတို့နှစ်ယောက်မှာ သိခဲ့ကြပြီးပြီ။ သို့သော် သူတို့သဘာဝအတိုင်း ဆက်ဆံရေးက တစိမ်းပြင်ပြင်လည်းမဟုတ်။ ရင်းနှီးကျွမ်းဝင်သည်ဟုလည်း မဆိုသာ၊ ကိုသက်ခိုင်က… “သူကပြောတယ်.. လူတစ်ယောက်ဟာ ကဗျာဖြစ်သွားပြီဆိုရင် သူ့ရဲ့အသွေးအသား အကြောတွေကအစ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ကဗျာဖြစ်သွားတာ၊ သူ့အနေနဲ့ ကဗျာမရေးလည်း ကိစ္စမရှိဘူး.. ကဗျာရေးနေတာ မရေးတာတော့ အကြောင်းမဟုတ်ဘူး.. သူ့ကိုယ်နိုက်က ကဗျာဖြစ်နေတာပဲဟာ သူဟာ တကယ့်ကဗျာအတုံးအခဲကြီးပဲတဲ့…” မောင်မင်းဇော်မှာ ကဗျာမရေးတော့သူ ကဗျာရေးနေသူ နှစ်ဦးရဲ့အကြားက ကဗျာရေးချင်သူသာ ဖြစ်သည်။ ဤအဆောင်ရာက်စက ခေတ်ပေါ်ကဗျာတစ်ပုဒ်ကို ဖတ်ပြီး သဘောမပေါက်ဖြစ်နေသော မောင်မင်းဇော်သည် ကိုသက်ခိုင်အခန်းသို့သွားကာ အကူအညီတောင်းရာက စတင်သိခဲ့ကြ၏။ ကိုသက်ခိုင်က ပြုံးကာ… “ခင်ဗျားက ကဗျာဖတ်ရတာ ရေသောက်သလိုဖတ်တာကို.. ကဗျာဖတ်တာ ဖာလူဒါသောက်သလို ဖတ်ရတယ်ဗျ.. ” ဟု အသေးစိတ် ရှင်းပြခဲ့၏။ ပြီးမှ… “အမှန်တော့ ဘယ်ကဗျာကိုမှ ကျွန်တော် အခုလို အဓိပ္ပာယ်ဖွင့်ဆို ရှင်းမပြချင်ဘူး.. အဲသလို လုပ်ရတာ အနုပညာ ရာဇ၀တ်မှုတစ်ခု ကျူးလွန်ရသလိုပဲ လိပ်ပြာမသန့်သလို ခံစားရတယ်.. ပန်းပွင့်တစ်ပွင့်ရဲ့ အလှကို ပွင့်ဖတ်တွေ၊ ၀တ်မှုန်တွေ တစ်စစီဖြုတ်ချွေပြီး ရှာသလိုပေါ့” ဟု ၀မ်းနည်းသံနှင့် အဆုံးသတ်ခဲ့၏။ မောင်မင်းဇော်အဖို့တော့ သူတို့နှစ်ယောက်လုံးမှာ တစ်မျိုးစီ အံ့သြစရာ ဖြစ်ခဲ့ရသည်။ ကဗျာဆရာ ယက်တူရှင်ကိုနှင့် တွေ့ဆုံမိတ်ဆက်ရန် ဖိတ်စာ၊ အပြင်ကလူ (ကမူးရဲ့ဝတ္ထု) ပြဇာတ်ကို လာရောက်ကြည့်ရှုရန် ဖိတ်စာများမှာ အလုံးလုံး အထွေးထွေးနှင့် ကိုသက်ခိုင်အမှိုက်ခြင်းထဲ ရောက်နေတာ တွေ့ရ၏။ အနီးကပ်ပေါင်းသင်းနေသော မောင်မင်းဇော်ပင် သူတို့နှစ်ဦးအကြောင်းကို စေ့စေ့ငုငုမသိ။ ကိုသက်ခိုင်သည် ကဗျာရေးသည်။ ၀တ္ထုတိုရေးသည်။ (အပေါစား လုံးချင်းဝတ္ထုများ ရေရောင်းစားသည်ဟုလည်း ပြောဖူး၏)။ သူ အိမ်ထောင်ကျဖူးတာ ယောက္ခမနှင့် အဆင်မပြေသဖြင့် အိမ်ကဆင်းလာခဲ့ရသလိုလို။ သူ့မိန်းမက သင်္ဘောသားတစ်ယောက်နှင့်ပဲ လက်ထပ်သွားသလို။ ဒါက အဆောင်နေ တခြားလူတွေဆီက ကြားရသော စကားများဖြစ်၏။ ကိုဘုန်းဝေကိုတော့ လေလွင့်နေသော သူဌေးသားဟု ကွယ်ရာမှ လှောင်ခေါ်သံကြားရ၏။ တစ်လတစ်ခါ ဒီလူ ဘဏ်က ငွေထုတ်သုံးနေတာကိုတော့ မောင်မင်းဇော်လည်း မြင်သိနေသည်။ ကိုဘုန်းဝေ နေထိုင်ပုံက တစ်မျိုး။ သူ့ဘ၀ကို ဘယ်သောအခါမှ ကွယ်ဝှက်ဖုံးကွယ်ခြင်းမရှိ။ ထို့အတူ ဖွင့်ဆိုရှင်းလင်းခြင်းလည်း မရှိ။ သူ့မှာ အဖေမရှိတော့။ အဖေက မန္တလေးမှာ၊ နောက်မိန်းမငယ်နှင့်နေသည်။ သူကလည်း အဖေဆီက လိုချင်တာတစ်ခုပဲ ရှိ၏။ ငွေဖြစ်သည်။ ဒီလိုနှင့် သူတို့သားအဖနှစ်ယောက် ဘ၀မှာ အပေးအယူ တည့်နေသည်ဟုလည်း တစ်စွန်းတစ်စ သိရ၏။ ကိုသက်ခိုင်ကတော့ မဝေဖန်စဖူး.. “ဒီလူက ဘ၀ကို ပြဇာတ်ရှည်ကြီးတစ်ပုဒ် ကနေရသလို သဘောထားတဲ့လူဗျ” ဟု ပြောဖူး၏။ “တစ်ခုတော့ရှိတယ်.. ဒီလူက ကိုယ့်ကိုယ်ကို ယုံကြည်မှုတော့ တော်တော်ပြင်းထန်တဲ့လူ.. သူ ငါးမျှားနေတာတွေ့လို့ ဘာလုပ်နေတာလဲ သွားမေးရင် ငါးခူမျှားနေတာလို့ ပြောမယ့်လူ..” “ဟုတ်တယ်.. မာနတစ်မျိုးပေါ့လေ” ဟု မင်းဇော်က ထောက်ခံ၏။ ကိုသက်ခိုင်က အဝေးကို ငေးကြည့်နေသော မျက်လုံးများဖြင့်… “ကိုယ်လည်း မာနကြီးခဲ့ဖူးပါတယ်… ဘယ်လောက်ကြီးခဲ့သလဲဆိုရင် ကိုယ့်အရိပ်ကိုတောင် သူများအနင်းမခံအောင် မာနကြီးခဲ့ဖူးတယ်.. လမ်းပေါ်မှာ လူချင်းဆုံရင် ကိုယ်ကသာ သူများအရိပ်ကို နင်းရအောင် ရှောင်ကွင်း လျှောက်ခဲ့တယ်.. ပြန်တွေးကြည့်တော့လည်း ဒါဟာ ရူးသွပ်မှုတစ်ခုပါပဲ… ကိုယ် လယ်တီဆရာတော်ဘုရားရဲ့ စာတစ်ပုဒ် သွားဖတ်မိတယ်.. ဘယ် ဒီပနီထဲမှာလည်းတောင် မမှတ်မိဘူး… အဲဒီမှာ ရေးထားတာက လူဆိုတာ ကမ္ဘာမြေကြီးရဲ့ အဆင်တန်ဆာသာ ဖြစ်တယ်တဲ့.. မြေစောင့်မျှသာ ဖြစ်တယ်တဲ့.. ကိုယ့်ရင်ထဲက မာနတွေလည်း တစ်ဝက်လွင့်စဉ်သွားတော့တယ်…” “ကိုဘုန်းဝေကို ကြည့်ရတာ ဘာကိုမှ အတွယ်အတာ မရှိသလိုပဲနော်…” သူ နေခဲ့တဲ့ သက်တမ်းတစ်လျှောက် ကိုဘုန်းဝေဆီကိုလာတဲ့ စာတစ်စောင်မှလည်း မတွေ့စဖူး။ ဧည့်သည်တစ်ယောက်မှလည်း မတွေ့စဖူး။ “ဒီလူက လောကကို သမ်းဝေစရာလို့ မြင်နေတဲ့လူပဲ.. အသက်လေးဆယ်အရွယ်မှာ ဘ၀ကို အဲသလိုမြင်တာကတော့ နည်းနည်းစောလွန်းတယ်ထင်တယ်” ဟု မှတ်ချက်ချ၏။ “ကိုယ်လဲ အနုပညာကို တွယ်တာတဲ့စိတ်ကိုတော့ လျှော့လို့မရဘူးဖြစ်နေတယ်.. အမှန်ကတော့ နိဗ္ဗာန်ရောက်ရာရောက်ကြောင်း တရားအတွက်ကလွဲပြီး ဘာအတွက်ကြောင့်မှ အသေမခံသင့်ဘူး.. ငါ့သား ငါ့မယားအတွက်၊ အနုပညာအတွက် ဘယ်အတွက်ကြောင့်ပဲသေသေ၊ ဒီလောက် သက္ကာယဒိဌိကြီးနဲ့ သေရင် အပယ်လားမှာကတော့ သေချာနေတယ်” ကိုဘုန်းဝေကတော့ “လောကမှ ခေါင်းကိုက်ပျောက် ဆေးပြားတွေနဲ့ ပြည့်တန်ဆာမတွေ ရှိနေရင် လုံလောက်ပါတယ်ကွာ” ဟု ပြောခဲ့ဖူး၏။ သူ ပြည့်တန်ဆာအိမ်သွားတာ မတွေ့ဖူးသော်လည်း ခေါင်းကိုက်ပျောက်ဆေးပြားတွေကို ပဲကြီးလှော်လို စားနေတာကိုတော့ မကြာခဏ တွေ့ရတတ်၏။ “ကုသိုလ်လည်း ၀မ်းမမြောက်နဲ့ကွ၊ ၀မ်းမြောက်ရင် လောဘဖြစ်တယ်.. အကုသိုလ်ကိုလည်း တွေးကြောက်မနေနဲ့.. ကြောက်တယ်ဆိုတာ ဒေါသတစ်မျိုးပဲ.. အဲဒီ အစွန်းတရား နှစ်ပါးက လွတ်အောင်နေ.. သံသရာဆိုတာ ဘာမှမဟုတ်ဘူး.. မျဉ်းဖြောင့်တစ်ကြောင်းပဲ” လို့ မောင်မင်းဇော်ကို ပြောဖူးသည်။ မောင်မင်းဇော် ကောင်းကောင်းနားမလည်။ ကိုဘုန်းဝေနှင့် ကိုသက်ခိုင် မကြာခဏ ဘာသာရေးနှင့် ပတ်သက်ပြီး လေးလေးနက်နက် ပြောကြတာ သူ ကြုံဖူးသည်။ သူတို့အယူအဆတွေက တစ်ခါတစ်လေ သူ အစဉ်အလာ ကြားဖူးထားတာတွေနှင့် ဖီလာဖြစ်နေတတ်၏။ အခုတလောတော့ သူတို့သုံးယောက် သိပ်မဆုံဖြစ်။ မောင်မင်းဇော်က စာမေးပွဲနီးပြီမို့ ဖုတ်ပူမီးတိုက် စာကျက်နေ၏။ ဒီကြားထဲကပင် ကိုသက်ခိုင်ဆီကို အသက်နှစ်ဆယ်ကျော်အရွယ် ကောင်မလေးချောချောတစ်ယောက် ကိုယ်ပိုင်ကားအသစ်ကလေး တစ်စီးနှင့် မကြာမကြာလာနေတာကိုတော့ သတိထားမိသေး၏။ ကိုသက်ခိုင်က စာပေ၀ါသနာပါတဲ့ ဆေးကျောင်းသူလေးလို့ ပြောပြ၏။ စာမေးပွဲဖြေအပြီး ကျောင်းပိတ်တော့ မောင်မင်းဇော် အညာပြန်ရလေသည်။ ကျောင်းဖွင့်လို့ ဘော်ဒါဆောင် တစ်ခေါက်ပြန်ရောက်တော့ အခြေအနေတွေက သိသိသာသာ ပြောင်းလဲနေလေသည်။ ဤဘော်ဒါဆောင်မှာ သူ အတွေ့ချင်ဆုံး လူနှစ်ဦးလုံး မရှိတော့။ “ကိုဘုန်းဝေ ဘယ်ပြောင်းသွားသလဲခင်ဗျာ…” သူ့အမေးကို အဆောင်မှူးက ခပ်တိုတိုဖြေ၏။ “တမလွန်ကို ပြောင်းသွားတယ်…” “ခင်ဗျာ…” “ပြီးခဲ့တဲ့ လကပဲ အစာအိမ်သွေးယိုတဲ့ ရောဂါနဲ့ ဆေးရုံပေါ်မှာ ဆုံးသွားပြီလေ…” မောင်မင်းဇော်ရင်ထဲမှာ ရုတ်တရက် ကွက်လပ်ကြီးတစ်ခု ဖြစ်သွား၏။ သူ့အသည်းနှလုံးမှာ ဟင်းလင်းပြင်ထဲကို ပေါ့ပါးစွာ လွင့်စင်သွားသလို ခံစားရသည်။ ကိုသက်ခိုင်နှင့် ပတ်သက်ပြီး ထပ်မမေးရဲတော့အောင်ပင် ဖြစ်သွား၏။ အားတင်းပြီးမှ… “ကိုသက်ခိုင်ရော…” “သူက လက်ထပ်သွားပြီ” ကြားရတဲ့စကားတွေက မယုံနိုင်စရာ။ သူ ဘော်ဒါဆောင်ပြန်ရောက်နေတယ်ကြားတော့ ကိုသက်ခိုင်က တစ်ခေါက် လာတွေ့၏။ ကိုယ်ပိုင်ကားအသစ်ကလေး တစ်စီးကို သူကိုယ်တိုင်မောင်းလာသည်။ “ခင်ဗျား လက်ထပ်ဖြစ်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး…” မောင်မင်းဇော်က ပွင့်ပွင့်လင်းလင်းပြောလိုက်၏။ သူက ယဲ့ယဲ့ပြုံးရင်း… “ကိုယ့်ကိုယ်ကိုလည်း မထင်ပါဘူး… ကိုယ်က လက်မထပ်ချင်ဘူး ငြင်းလိုက်တော့ ကောင်မလေးက သူ့ကိုယ်သူ သတ်သေဖို့ ကြံတယ်” “ဒါနဲ့ ခင်ဗျားက သနားပြီးယူလိုက်တယ်ဆိုပါတော့…” “သူ့ကို သနားလို့မဟုတ်ဘူး.. လူတစ်ယောက်ရဲ့ မာနကို သနားလို့.. အဲဒါနဲ့ပဲ လက်ထပ်ဖြစ်သွားတာ.. လူတစ်ယောက်အတွက် အထိခိုက်ဆုံး ၀မ်းနည်းကြေကွဲစရာ ကိစ္စဟာ သူ့မာနကို အထိပါးခံရတာပဲလို့ ကိုယ်ထင်တယ်..” “ကိုဘုန်းဝေဆုံးတော့ ကျွန်တော့်ဆီကို ဘာလို့ စာမရေးတာလဲ…” “ကိုဘုန်းဝေက မသေခင်မှာသွားတယ်..မင်းဇော်လေးဆီ အကြောင်းကြားမနေနဲ့.. ရှုပ်တယ်တဲ့…” “ဘာရှုပ်တာလဲ…” ကိုသက်ခိုင်က မောင်မင်းဇော်အမေးကို ဂရုမစိုက်ဘဲ သူပြောချင်ရာကို ဆက်ပြော၏။ “သူ သေသွားတာကို ကိုယ်တောင် မနာလိုဘူး” ခဏ တိတ်ဆိတ်ပြီးမှ… “ကိုယ် ကြုံဖူးသမျှတွေထဲမှာတော့ ပကာသနအကင်းဆုံးနဲ့ အရိုးစင်းဆုံး အသုဘတစ်ခုပဲ.. ဘ၀မှာ မထင်မရှား သေချင်တဲ့ သူ့ဆန္ဒ ပြည့်ဝသွားကောင်းပါရဲ့…” “ဘယ်မှာ သင်္ဂြိုဟ်သလဲ..” “ကြံတောမှာ…” သည်လိုနှင့် ထိုနှစ်ယောက်မှာ မောင်မင်းဇော်ဘ၀ထဲမှ တစ်ယောက်က ကိုယ်ပိုင်ကားနှင့် ထွက်ခွာသွား၍၊ တစ်ယောက်က မီးခိုးငွေ့အဖြစ် ထွက်ခွာသွားလေသည်။ ~~~~~~~~ သစ္စာနီ သဘင်မဂ္ဂဇင်း၊ မတ်လ-၁၉၈၈။
http://www.planet.com.mm/bookplanet/?linkpage=read_story&id=115