Monday, April 2, 2007

အလွမ်းမပါသောပြဇာတ်


အဲဒီနေ့က နေသည် ခါတိုင်းလိုပင် အရှေ့ဘက်မှ ထွက်ခဲ့၏။ ထိုင်နေကျ လက်ဘက်ရည်ဆိုင်မှာ ထိုင်နေရင်း ကိုဘုန်းဝေက 'လူ့လောကဆိုတာ ကြက်ဥခွံတွေ စုထည့်ထားတဲ့ အမှိုက်ခြင်းနဲ့ တော်တော်တူတာကွ' လို့ ဆိုသည်။ မောင်မင်းဇော်က လေးစားမှုတစ်ဝက် သံသယတစ်ဝက်ဖြင့် 'ခင်ဗျားဥပမာက မဟုတ်သေးပါဘူးဗျာ၊ ဒါဖြင့် အဲဒီကြက်ဥတွေထဲက အနှစ်တွေကို ဘယ်သူက ဖောက်သောက်ပစ်သလဲ' ဟု စောဒကတက်၏။ ကိုဘုန်းဝေက ထုံးစံအတိုင်း မောင်မင်းဇော်စကားကို ဂရုမစိုက်ဘဲ အရှေ့ဘက်ကိုသာ မေးငေါ့ပြကာ 'ဟော ဟိုမှာ ကြက်ဥခွံတစ်ခု လာနေပြီ' ဟု ပြောလိုက်၏။ မောင်မင်းဇော် လှည့်ကြည့်လိုကတော့ သူတို့စားပွဲရှိရာကို လျှောက်လာနေသော ကိုသက်ခိုင်ကို တွေ့ရသေလည်။ ကိုသက်ခိုင်က သူ့ပင်ကိုဟန်အတိုင်း နွမ်းယဲ့ယဲ့ပြုံးရင်း ကုလားထိုင်အလွတ်တစ်လုံးမှာ ၀င်ထိုင်၏။ သူတို့နှစ်ယောက်ကို တွေ့သဖြင့်သာ ကိုသက်ခိုင် ဤလက်ဖက်ရည်ဆိုင်ကို ၀င်လာခြင်းဖြစ်ကြောင်း မောင်မင်းဇော် ကောင်းကောင်းသိသည်။ ကိုသက်ခိုင်က လက်ဖက်ရည်ဆိုင် ထိုင်လေ့မရှိ။ သို့မဟုတ် ဤလက်ဖက်ရည်ဆိုင်တွင် ထိုင်လေ့မရှိ။ ဘော်ဒါဆောင်တွင် ရှိနေလျှင် တစ်ချိန်လုံး စာအုပ်တစ်အုပ်နှင့် အခန်းအောင်းနေတတ်သူသာ ဖြစ်သည်။ လမ်းထွက်လျှင်လည်း ကြုံတဲ့နေရာမှာ ဖတ်ဖို့ လက်ထဲမှာ စာအုပ်တစ်အုပ် အမြဲပါတတ်၏။ သူ့လက်ထဲမှာ ပါလာသော စာအုပ်ကို စားပွဲပေါ် လှမ်းတင်လိုက်သောအခါ ပင်ဂွင်းတိုက်ထုတ် ကမူး၏ ပလိပ်ဝတ္ထု ဖြစ်နေသည်ကို တွေ့ရ၏။ မောင်မင်းဇော် ကိုယ်တိုင်လည်း ဤစာအုပ် ဘာသာပြန်ကိုတော့ ဖတ်ပြီးပြီ။ နားလည်ရခက်သော စာအုပ်ဖြစ်၏။ စားပွဲပေါ် တင်လိုက်သော ထိုစာအုပ်ကို သူ့လိုပင် လှမ်းကြည့်လိုက်သည့် ကိုဘုန်းဝေ မျက်နှာပေါ်၌ သရော်ပြုံးကလေးတစ်ခု လင်းလက်သွားတာကို မောင်မင်းဇော် အကဲခတ်လိုက်မိ၏။ တစ်ခါက ကမူးရဲ့ အပြင်ကလူကို ဖတ်ပြီးစ မောင်မင်းဇော်က ကိုဘုန်းဝေကို 'ခင်ဗျား ကမူးစာတွေ မကြိုက်ဘူးလား' ဟု မေးဖူး၏။ ကိုဘုန်းဝေက သူပြုံးနေကျ အပြုံးနှင့် 'ကမူးဟာ ဘောလုံးလည်း ကန်ဖူးတယ်.. ကွန်မြူနစ်ပါတီဝင်လည်း ဖြစ်ခဲ့ဖူးတယ်.. အဲဒီ နှစ်ချက်တည်းနဲ့ သူ့စာတွေဟာ ဖတ်ဖို့ မလိုတော့ဘူးကွ..' ဟု မှတ်ချက်ပေးခဲ့ဖူးတာ သွားတသိရ၏။ ပြီးတော့ ပြောသေးသည်။ 'အိတ်ဇစ်စတယ်ရှယ်လစ်ဝါဒ ဆိုတာကို မြန်မာစာပေလောကမှာတော့ ယင်နားထားတဲ့ သရက်သီးမှည့်တစ်လုံး ဖြစ်နေပြီကွ.. သက်ခိုင်ကိုလည်း အဲဒီဝမ်းရောဂါ ကူးစက်နေဟန်တူတယ်..' “ဘာသောက်မလဲ ဆရာ..” စားပွဲထိုးကလေးက ကိုသက်ခိုင်ကို မေး၏။ ကိုသက်ခိုင်က ခပ်တိုးတိုးပင် 'လက်ဖက်ရည်ပေါ့' လို့ မလိုအပ်သလို ဖြေ၏။ “ချိုဆိမ့်လား ပေါ့ကျလား…” စားပွဲထိုးကလေးက ထပ်မေး၏။ ကိုသက်ခိုင် မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက် အမူအရာမှာ ဖုံးဖိမရအောင်ပင် ပေါ်လွင်လာ၏။ သူက သက်ပြင်းတစ်ချက်ချကာ 'ဘယ်လိုဖြစ်ဖြစ်ပေါ့ကွာ'ဟု စိတ်မရှည်စွာ ပြောလိုက်၏။ စားပွဲထိုးကလေးက သူ့ကို အူကြောင်ကြောင်ကြည့်ကာ အနားမှ ထွက်သွားတော့မှ မောင်မင်းဇော်တို့ဘက်လှည့်ပြီး… “လက်ဖက်ရည်တစ်ခွက် အချိုပေါ့သွားတာ အကျရည်များသွားတာတွေထက် အရေးကြီးတဲ့ ကိစ္စတွေ လောကကြီးမှာ အများကြီး ရှိပါတယ်ဗျာ၊ လူတွေဟာ ဘာလို့ ဒီလိုအသေးအဖွဲ ကိစ္စလေးတွေနဲ့ အလုပ်ရှုပ်ခံနေကြတာလဲ” လို့ ညည်းညူသည်။ သူတို့နှစ်ယောက် (ကိုဘုန်းဝေနှင့် ကိုသက်ခိုင်)သည် ဒီလိုနေရာမျိုးမှာတော့ တူတတ်တယ်လို့ မောင်မင်းဇော် တွေးမိ၏။ နှစ်ယောက်စလုံး၌ပင် တခြားသူတွေနှင့် မတူသော ထူးခြားသည့် ဘ၀အမြင်တွေ ရှိနေကြ၏။ သူတို့နှစ်ယောက်ချင်းကျတော့လည်း မတူပြန်။ မောင်မင်းဇော်ကတော့ ဤဘော်ဒါဆောင်တစ်ခုလုံးတွင် သူတန်ဖိုးထားစွာ ပေါင်းသင်းစရာ ဤလူနှစ်ဦးသာ ရှိသည်ဟု ထင်မြင်နေ၏။ ဒီလူနှစ်ယောက် ဘော်ဒါဆောင်မှာ နေပုံကလည်း သီးသန့်ဆန်လွန်းအားကြီးသည်။ တခြားလူတွေနှင့် ရောရောနှောနှော မရှိ။ သူတို့နှစ်ယောက်လုံးက နယ်မှ ကျောင်းလာနေသော မောင်မင်းဇော်ကို ညီငယ်လို သဘောထားကာ ဆက်ဆက်ဆံဆံ ရှိကြတာကိုပင် မောင်မင်းဇော်အဖို့ ရခဲသော ဆုလာဘ်တစ်ခုအဖြစ် မှတ်ယူရသေးသည်။ ကိုဘုန်းဝေ အသက်က လေးဆယ်ဝန်းကျင် (သူ့အသက်ကို ခန့်မှန်းရတာမလွယ်)၊ ကိုသက်ခိုင်က သုံးဆယ်ဝန်းကျင်။ ကိုဘုန်းဝေက ရှိရင်းစွဲအသက်ထက် နုပျိုသလို ထင်ရပြီး ကိုသက်ခိုင်ကတော့ ရှိရင်းစွဲ အသက်ထက် ရင့်ရော်သလို ထင်ရလေသည်။ သူ့အပေါ် ကိုဘုန်းဝေ၏ ဆက်ဆံရေးက တရင်းတနှီးရှိပြီး ကိုသက်ခိုင် ဆက်ဆံရေးက တလေးတစားရှိသည်ဟု ခံစားရသည်။ သူတို့ သုံးယောက်စလုံး တူတာတစ်ခုကတော့ စာပေကို ၀ါသနာ ပါကြခြင်း ဖြစ်သည်။ အခုတော့ နှစ်ယောက်လို့ ပြောရင်လည်း မမှားဟုထင်သည်။ တစ်လောကတော့ ကိုဘုန်းဝေသည် သူ့အခန်းနှင့် အပြည့်ရှိသော စာအုပ်တွေကို ကားတစ်စီးတိုက် သယ်ချသွားကာ ရောင်းခဲ့၏။ ပြီးတော့ ရတဲ့ငွေကို ၀ိတ်မသည့် ၀ိတ်ပြားတွေ အတံတွေနှင့် အားကစားကိရိယာတွေ ၀ယ်လာသည်။ အရင်က စာရွက်လှန်သံ တဖျပ်ဖျပ် ကြားရသည့် သူ့အခန်းထဲမှာ အခုတော့ ၀ိတ်မ,သည့် ချသည့်အသံ တချွင်ချွင်သာ ကြားရသည်။ “ပညာရှိဆိုပြီး လေအေးကလေးတိုက်ရုံ၊ နေပူကလေးထွက်ရုံနဲ့ နှာစေးဖျားနာနေရင် ဘယ်ဟုတ်တော့မလဲကွာ၊ ရုပ်နဲ့နာမ်နဲ့ ဖွဲ့ထားတဲ့လူဟာ နှစ်မျိုးလုံး ကြံ့ခိုင်ဖို့ လိုတာပဲ.. လူတော်များများ မဖတ်နိုင်တဲ့ စာမျိုးကို ငါ အနှစ်သုံးဆယ်လောက် အဆက်မပြတ် ဖတ်ခဲ့ဖူးပြီ၊ ငါ့ကိုယ်မှာ လိုနေတာ တစ်ခုပဲ ရှိတော့တယ်ကွ.. အဲဒါက ကြွက်သားပဲ” ဟုလည်း မောင်မင်းဇော်ကို ပြောခဲ့၏။ မိုးကလေး နည်းနည်း ညို့ရင် ဆွယ်တာအင်္ကျီကို ရင်ပတ်စေ့ဝတ်ရလေ့ရှိသော ကိုသက်ခိုင်ကတော့ ထူးထူးခြားခြား မဝေဖန်ဘဲ ထုံးစံအတိုင်း နွမ်းယဲ့ယဲ့သာ ပြုံးသည်။ သူတို့အပြုံးတွေကလည်း တစ်ဘာသာစီပင်။ ကိုဘုန်းဝေအပြုံးက တစ်လောကလုံးကို ထီမထင်တဲ့ သရော်ပြုံး။ ကိုသက်ခိုင်အပြုံးကတော့ တစ်လောကလုံးကို လက်မြှောက်အရှုံးပေးထားရတဲ့ မချိပြုံး။ တစ်ခါက ကိုဘုန်းဝေက မောင်မင်းဇော်ပြသော မဂ္ဂဇင်းထဲမှ ကိုသက်ခိုင်၏ ကဗျာတစ်ပုဒ်ကို စိတ်လိုလက်ရ ခုလို ဝေဖန်ဖူး၏။ “သူ့ကဗျာတွေက သူ့ကို လောကကြီးက၊ ဒါမှမဟုတ် တခြားလူတွေက၊ နောက်ဆုံး ကွဲသွားတဲ့ သူ့မိန်းမနဲ့ ယောက္ခမတွေက ဖြစ်ဖြစ်ပေါ့ကွာ၊ နားလည်ခွင့်လွှတ်ကြဖို့ တောင်းပန်ရှင်းပြနေတာပဲ၊ အဲဒါကိုပဲ သူက ဘ၀အမြင်လို့ ထင်နေသလားမသိဘူး.. ဒီအတွက်နဲ့တော့ ကဗျာရေးမနေသင့်ပါဘူးကွာ.. နောက်ဆုံး ခွင့်လွှတ်စရာရှိတယ်ဆိုရင်တောင် အနုပညာသမားကသာ လောကကြီးကို ခွင့်လွှတ်ခဲ့ရမှာပါ…” ကိုသက်ခိုင်ကတော့ ကိုဘုန်းဝေကို အကောင်းအဆိုး ဝေဖန်ခဲသည်။ လွန်ခဲ့သော ဆယ့်ငါးနှစ်ကျော်ကျော်ကတော့ ကိုဘုန်းဝေသည်လည်း ကဗျာကောင်းကြိုက်သူတို့အကြားမှာ အနည်းငယ် ထင်ရှာသော ကဗျာဆရာတစ်ယောက် ဖြစ်ခဲ့သည်ဟု ဆို၏။ ဒီအချိန်ကဆို မောင်မင်းဇော် မူလတန်းကျောင်း ရောက်စပဲ ရှိဦးမည်။ ကိုသက်ခိုင်ကတော့ ကိုဘုန်းဝေ ကဗျာတစ်ချို့ကို ခုထိ အလွတ်ရွတ်ပြနိုင်သေးသည်။ ဒီတစ်ချက်တည်းနှင့်ပင် ကိုဘုန်းဝေအပေါ်မှာ သူ အနွံအတာ ခံနိုင်ခဲ့တာလည်း ဖြစ်သည်။ “သူ ဘာဖြစ်လို့ ကဗျာဆက်မရေးတော့တာလဲ” လို့ မောင်မင်းဇော်က ကိုဘုန်းဝေကို မမေးရဲသော မေးခွန်းအား ကိုသက်ခိုင်ကို မေးဖူး၏။ “ဒီလူက တစ်မျိုးပဲ.. သူ အနိုင်နဲ့ ပိုင်းခဲ့တာ နေမှာပေါ့၊ ဒါမှမဟုတ် တခြားအကြောင်း တစ်ခုခုလည်း ရှိချင်ရှိမယ်၊ တစ်ခါတော့ ပြောဖူးတယ်..” ဒီဘော်ဒါဆောင်ကို မောင်မင်းဇော်မရောက်ခင်ကတည်းကပင် သူတို့နှစ်ယောက်မှာ သိခဲ့ကြပြီးပြီ။ သို့သော် သူတို့သဘာဝအတိုင်း ဆက်ဆံရေးက တစိမ်းပြင်ပြင်လည်းမဟုတ်။ ရင်းနှီးကျွမ်းဝင်သည်ဟုလည်း မဆိုသာ၊ ကိုသက်ခိုင်က… “သူကပြောတယ်.. လူတစ်ယောက်ဟာ ကဗျာဖြစ်သွားပြီဆိုရင် သူ့ရဲ့အသွေးအသား အကြောတွေကအစ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ကဗျာဖြစ်သွားတာ၊ သူ့အနေနဲ့ ကဗျာမရေးလည်း ကိစ္စမရှိဘူး.. ကဗျာရေးနေတာ မရေးတာတော့ အကြောင်းမဟုတ်ဘူး.. သူ့ကိုယ်နိုက်က ကဗျာဖြစ်နေတာပဲဟာ သူဟာ တကယ့်ကဗျာအတုံးအခဲကြီးပဲတဲ့…” မောင်မင်းဇော်မှာ ကဗျာမရေးတော့သူ ကဗျာရေးနေသူ နှစ်ဦးရဲ့အကြားက ကဗျာရေးချင်သူသာ ဖြစ်သည်။ ဤအဆောင်ရာက်စက ခေတ်ပေါ်ကဗျာတစ်ပုဒ်ကို ဖတ်ပြီး သဘောမပေါက်ဖြစ်နေသော မောင်မင်းဇော်သည် ကိုသက်ခိုင်အခန်းသို့သွားကာ အကူအညီတောင်းရာက စတင်သိခဲ့ကြ၏။ ကိုသက်ခိုင်က ပြုံးကာ… “ခင်ဗျားက ကဗျာဖတ်ရတာ ရေသောက်သလိုဖတ်တာကို.. ကဗျာဖတ်တာ ဖာလူဒါသောက်သလို ဖတ်ရတယ်ဗျ.. ” ဟု အသေးစိတ် ရှင်းပြခဲ့၏။ ပြီးမှ… “အမှန်တော့ ဘယ်ကဗျာကိုမှ ကျွန်တော် အခုလို အဓိပ္ပာယ်ဖွင့်ဆို ရှင်းမပြချင်ဘူး.. အဲသလို လုပ်ရတာ အနုပညာ ရာဇ၀တ်မှုတစ်ခု ကျူးလွန်ရသလိုပဲ လိပ်ပြာမသန့်သလို ခံစားရတယ်.. ပန်းပွင့်တစ်ပွင့်ရဲ့ အလှကို ပွင့်ဖတ်တွေ၊ ၀တ်မှုန်တွေ တစ်စစီဖြုတ်ချွေပြီး ရှာသလိုပေါ့” ဟု ၀မ်းနည်းသံနှင့် အဆုံးသတ်ခဲ့၏။ မောင်မင်းဇော်အဖို့တော့ သူတို့နှစ်ယောက်လုံးမှာ တစ်မျိုးစီ အံ့သြစရာ ဖြစ်ခဲ့ရသည်။ ကဗျာဆရာ ယက်တူရှင်ကိုနှင့် တွေ့ဆုံမိတ်ဆက်ရန် ဖိတ်စာ၊ အပြင်ကလူ (ကမူးရဲ့ဝတ္ထု) ပြဇာတ်ကို လာရောက်ကြည့်ရှုရန် ဖိတ်စာများမှာ အလုံးလုံး အထွေးထွေးနှင့် ကိုသက်ခိုင်အမှိုက်ခြင်းထဲ ရောက်နေတာ တွေ့ရ၏။ အနီးကပ်ပေါင်းသင်းနေသော မောင်မင်းဇော်ပင် သူတို့နှစ်ဦးအကြောင်းကို စေ့စေ့ငုငုမသိ။ ကိုသက်ခိုင်သည် ကဗျာရေးသည်။ ၀တ္ထုတိုရေးသည်။ (အပေါစား လုံးချင်းဝတ္ထုများ ရေရောင်းစားသည်ဟုလည်း ပြောဖူး၏)။ သူ အိမ်ထောင်ကျဖူးတာ ယောက္ခမနှင့် အဆင်မပြေသဖြင့် အိမ်ကဆင်းလာခဲ့ရသလိုလို။ သူ့မိန်းမက သင်္ဘောသားတစ်ယောက်နှင့်ပဲ လက်ထပ်သွားသလို။ ဒါက အဆောင်နေ တခြားလူတွေဆီက ကြားရသော စကားများဖြစ်၏။ ကိုဘုန်းဝေကိုတော့ လေလွင့်နေသော သူဌေးသားဟု ကွယ်ရာမှ လှောင်ခေါ်သံကြားရ၏။ တစ်လတစ်ခါ ဒီလူ ဘဏ်က ငွေထုတ်သုံးနေတာကိုတော့ မောင်မင်းဇော်လည်း မြင်သိနေသည်။ ကိုဘုန်းဝေ နေထိုင်ပုံက တစ်မျိုး။ သူ့ဘ၀ကို ဘယ်သောအခါမှ ကွယ်ဝှက်ဖုံးကွယ်ခြင်းမရှိ။ ထို့အတူ ဖွင့်ဆိုရှင်းလင်းခြင်းလည်း မရှိ။ သူ့မှာ အဖေမရှိတော့။ အဖေက မန္တလေးမှာ၊ နောက်မိန်းမငယ်နှင့်နေသည်။ သူကလည်း အဖေဆီက လိုချင်တာတစ်ခုပဲ ရှိ၏။ ငွေဖြစ်သည်။ ဒီလိုနှင့် သူတို့သားအဖနှစ်ယောက် ဘ၀မှာ အပေးအယူ တည့်နေသည်ဟုလည်း တစ်စွန်းတစ်စ သိရ၏။ ကိုသက်ခိုင်ကတော့ မဝေဖန်စဖူး.. “ဒီလူက ဘ၀ကို ပြဇာတ်ရှည်ကြီးတစ်ပုဒ် ကနေရသလို သဘောထားတဲ့လူဗျ” ဟု ပြောဖူး၏။ “တစ်ခုတော့ရှိတယ်.. ဒီလူက ကိုယ့်ကိုယ်ကို ယုံကြည်မှုတော့ တော်တော်ပြင်းထန်တဲ့လူ.. သူ ငါးမျှားနေတာတွေ့လို့ ဘာလုပ်နေတာလဲ သွားမေးရင် ငါးခူမျှားနေတာလို့ ပြောမယ့်လူ..” “ဟုတ်တယ်.. မာနတစ်မျိုးပေါ့လေ” ဟု မင်းဇော်က ထောက်ခံ၏။ ကိုသက်ခိုင်က အဝေးကို ငေးကြည့်နေသော မျက်လုံးများဖြင့်… “ကိုယ်လည်း မာနကြီးခဲ့ဖူးပါတယ်… ဘယ်လောက်ကြီးခဲ့သလဲဆိုရင် ကိုယ့်အရိပ်ကိုတောင် သူများအနင်းမခံအောင် မာနကြီးခဲ့ဖူးတယ်.. လမ်းပေါ်မှာ လူချင်းဆုံရင် ကိုယ်ကသာ သူများအရိပ်ကို နင်းရအောင် ရှောင်ကွင်း လျှောက်ခဲ့တယ်.. ပြန်တွေးကြည့်တော့လည်း ဒါဟာ ရူးသွပ်မှုတစ်ခုပါပဲ… ကိုယ် လယ်တီဆရာတော်ဘုရားရဲ့ စာတစ်ပုဒ် သွားဖတ်မိတယ်.. ဘယ် ဒီပနီထဲမှာလည်းတောင် မမှတ်မိဘူး… အဲဒီမှာ ရေးထားတာက လူဆိုတာ ကမ္ဘာမြေကြီးရဲ့ အဆင်တန်ဆာသာ ဖြစ်တယ်တဲ့.. မြေစောင့်မျှသာ ဖြစ်တယ်တဲ့.. ကိုယ့်ရင်ထဲက မာနတွေလည်း တစ်ဝက်လွင့်စဉ်သွားတော့တယ်…” “ကိုဘုန်းဝေကို ကြည့်ရတာ ဘာကိုမှ အတွယ်အတာ မရှိသလိုပဲနော်…” သူ နေခဲ့တဲ့ သက်တမ်းတစ်လျှောက် ကိုဘုန်းဝေဆီကိုလာတဲ့ စာတစ်စောင်မှလည်း မတွေ့စဖူး။ ဧည့်သည်တစ်ယောက်မှလည်း မတွေ့စဖူး။ “ဒီလူက လောကကို သမ်းဝေစရာလို့ မြင်နေတဲ့လူပဲ.. အသက်လေးဆယ်အရွယ်မှာ ဘ၀ကို အဲသလိုမြင်တာကတော့ နည်းနည်းစောလွန်းတယ်ထင်တယ်” ဟု မှတ်ချက်ချ၏။ “ကိုယ်လဲ အနုပညာကို တွယ်တာတဲ့စိတ်ကိုတော့ လျှော့လို့မရဘူးဖြစ်နေတယ်.. အမှန်ကတော့ နိဗ္ဗာန်ရောက်ရာရောက်ကြောင်း တရားအတွက်ကလွဲပြီး ဘာအတွက်ကြောင့်မှ အသေမခံသင့်ဘူး.. ငါ့သား ငါ့မယားအတွက်၊ အနုပညာအတွက် ဘယ်အတွက်ကြောင့်ပဲသေသေ၊ ဒီလောက် သက္ကာယဒိဌိကြီးနဲ့ သေရင် အပယ်လားမှာကတော့ သေချာနေတယ်” ကိုဘုန်းဝေကတော့ “လောကမှ ခေါင်းကိုက်ပျောက် ဆေးပြားတွေနဲ့ ပြည့်တန်ဆာမတွေ ရှိနေရင် လုံလောက်ပါတယ်ကွာ” ဟု ပြောခဲ့ဖူး၏။ သူ ပြည့်တန်ဆာအိမ်သွားတာ မတွေ့ဖူးသော်လည်း ခေါင်းကိုက်ပျောက်ဆေးပြားတွေကို ပဲကြီးလှော်လို စားနေတာကိုတော့ မကြာခဏ တွေ့ရတတ်၏။ “ကုသိုလ်လည်း ၀မ်းမမြောက်နဲ့ကွ၊ ၀မ်းမြောက်ရင် လောဘဖြစ်တယ်.. အကုသိုလ်ကိုလည်း တွေးကြောက်မနေနဲ့.. ကြောက်တယ်ဆိုတာ ဒေါသတစ်မျိုးပဲ.. အဲဒီ အစွန်းတရား နှစ်ပါးက လွတ်အောင်နေ.. သံသရာဆိုတာ ဘာမှမဟုတ်ဘူး.. မျဉ်းဖြောင့်တစ်ကြောင်းပဲ” လို့ မောင်မင်းဇော်ကို ပြောဖူးသည်။ မောင်မင်းဇော် ကောင်းကောင်းနားမလည်။ ကိုဘုန်းဝေနှင့် ကိုသက်ခိုင် မကြာခဏ ဘာသာရေးနှင့် ပတ်သက်ပြီး လေးလေးနက်နက် ပြောကြတာ သူ ကြုံဖူးသည်။ သူတို့အယူအဆတွေက တစ်ခါတစ်လေ သူ အစဉ်အလာ ကြားဖူးထားတာတွေနှင့် ဖီလာဖြစ်နေတတ်၏။ အခုတလောတော့ သူတို့သုံးယောက် သိပ်မဆုံဖြစ်။ မောင်မင်းဇော်က စာမေးပွဲနီးပြီမို့ ဖုတ်ပူမီးတိုက် စာကျက်နေ၏။ ဒီကြားထဲကပင် ကိုသက်ခိုင်ဆီကို အသက်နှစ်ဆယ်ကျော်အရွယ် ကောင်မလေးချောချောတစ်ယောက် ကိုယ်ပိုင်ကားအသစ်ကလေး တစ်စီးနှင့် မကြာမကြာလာနေတာကိုတော့ သတိထားမိသေး၏။ ကိုသက်ခိုင်က စာပေ၀ါသနာပါတဲ့ ဆေးကျောင်းသူလေးလို့ ပြောပြ၏။ စာမေးပွဲဖြေအပြီး ကျောင်းပိတ်တော့ မောင်မင်းဇော် အညာပြန်ရလေသည်။ ကျောင်းဖွင့်လို့ ဘော်ဒါဆောင် တစ်ခေါက်ပြန်ရောက်တော့ အခြေအနေတွေက သိသိသာသာ ပြောင်းလဲနေလေသည်။ ဤဘော်ဒါဆောင်မှာ သူ အတွေ့ချင်ဆုံး လူနှစ်ဦးလုံး မရှိတော့။ “ကိုဘုန်းဝေ ဘယ်ပြောင်းသွားသလဲခင်ဗျာ…” သူ့အမေးကို အဆောင်မှူးက ခပ်တိုတိုဖြေ၏။ “တမလွန်ကို ပြောင်းသွားတယ်…” “ခင်ဗျာ…” “ပြီးခဲ့တဲ့ လကပဲ အစာအိမ်သွေးယိုတဲ့ ရောဂါနဲ့ ဆေးရုံပေါ်မှာ ဆုံးသွားပြီလေ…” မောင်မင်းဇော်ရင်ထဲမှာ ရုတ်တရက် ကွက်လပ်ကြီးတစ်ခု ဖြစ်သွား၏။ သူ့အသည်းနှလုံးမှာ ဟင်းလင်းပြင်ထဲကို ပေါ့ပါးစွာ လွင့်စင်သွားသလို ခံစားရသည်။ ကိုသက်ခိုင်နှင့် ပတ်သက်ပြီး ထပ်မမေးရဲတော့အောင်ပင် ဖြစ်သွား၏။ အားတင်းပြီးမှ… “ကိုသက်ခိုင်ရော…” “သူက လက်ထပ်သွားပြီ” ကြားရတဲ့စကားတွေက မယုံနိုင်စရာ။ သူ ဘော်ဒါဆောင်ပြန်ရောက်နေတယ်ကြားတော့ ကိုသက်ခိုင်က တစ်ခေါက် လာတွေ့၏။ ကိုယ်ပိုင်ကားအသစ်ကလေး တစ်စီးကို သူကိုယ်တိုင်မောင်းလာသည်။ “ခင်ဗျား လက်ထပ်ဖြစ်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး…” မောင်မင်းဇော်က ပွင့်ပွင့်လင်းလင်းပြောလိုက်၏။ သူက ယဲ့ယဲ့ပြုံးရင်း… “ကိုယ့်ကိုယ်ကိုလည်း မထင်ပါဘူး… ကိုယ်က လက်မထပ်ချင်ဘူး ငြင်းလိုက်တော့ ကောင်မလေးက သူ့ကိုယ်သူ သတ်သေဖို့ ကြံတယ်” “ဒါနဲ့ ခင်ဗျားက သနားပြီးယူလိုက်တယ်ဆိုပါတော့…” “သူ့ကို သနားလို့မဟုတ်ဘူး.. လူတစ်ယောက်ရဲ့ မာနကို သနားလို့.. အဲဒါနဲ့ပဲ လက်ထပ်ဖြစ်သွားတာ.. လူတစ်ယောက်အတွက် အထိခိုက်ဆုံး ၀မ်းနည်းကြေကွဲစရာ ကိစ္စဟာ သူ့မာနကို အထိပါးခံရတာပဲလို့ ကိုယ်ထင်တယ်..” “ကိုဘုန်းဝေဆုံးတော့ ကျွန်တော့်ဆီကို ဘာလို့ စာမရေးတာလဲ…” “ကိုဘုန်းဝေက မသေခင်မှာသွားတယ်..မင်းဇော်လေးဆီ အကြောင်းကြားမနေနဲ့.. ရှုပ်တယ်တဲ့…” “ဘာရှုပ်တာလဲ…” ကိုသက်ခိုင်က မောင်မင်းဇော်အမေးကို ဂရုမစိုက်ဘဲ သူပြောချင်ရာကို ဆက်ပြော၏။ “သူ သေသွားတာကို ကိုယ်တောင် မနာလိုဘူး” ခဏ တိတ်ဆိတ်ပြီးမှ… “ကိုယ် ကြုံဖူးသမျှတွေထဲမှာတော့ ပကာသနအကင်းဆုံးနဲ့ အရိုးစင်းဆုံး အသုဘတစ်ခုပဲ.. ဘ၀မှာ မထင်မရှား သေချင်တဲ့ သူ့ဆန္ဒ ပြည့်ဝသွားကောင်းပါရဲ့…” “ဘယ်မှာ သင်္ဂြိုဟ်သလဲ..” “ကြံတောမှာ…” သည်လိုနှင့် ထိုနှစ်ယောက်မှာ မောင်မင်းဇော်ဘ၀ထဲမှ တစ်ယောက်က ကိုယ်ပိုင်ကားနှင့် ထွက်ခွာသွား၍၊ တစ်ယောက်က မီးခိုးငွေ့အဖြစ် ထွက်ခွာသွားလေသည်။ ~~~~~~~~ သစ္စာနီ သဘင်မဂ္ဂဇင်း၊ မတ်လ-၁၉၈၈။

No comments: